မော်လမြိုင် – ဒီဇင်ဘာ(၁၆)

အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက Burma Act ပါဝင်တဲ့ အမေရိကန်အမျိုးသားကာကွယ်ရေး ဥပဒေ NDAA ကို အတည်ပြုလိုက်တဲ့အတွက် ကျေးဇူးတင်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

NDAA ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုပြီး (၈) ရက်အကြာမှာ အထက် လွှတ်တော်က ထပ်မံအတည်ပြုခဲ့တဲ့အတွက် နောက်ဆုံးအဆင့်အနေနဲ့ သမ္မတဘိုင်ဒန် လက်မှတ် ရေးထိုးမယ့် အဆင့်သာ ကျန်တော့တာပါ။

Burma Act ဟာ မြန်မာနိုင်ငံမှာ ရုန်းကန်နေရတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက် မျှော်လင့် ချက်နဲ့ အထောက်အပံ့တွေပေးစွမ်းနိုင်မှာဖြစ်တယ်လို့ NUG သမ္မတရဲ့ သဝဏ်လွှာမှာဖော်ပြထား ပါတယ်။

ဒါ့အပြင် အမေရိကန် သမ္မတ ဘိုင်ဒန်အနေနဲ့ ဒီဥပဒေကြမ်းကို ဥပဒေတစ်ရပ်အဖြစ် မကြာခင် အတည်ပြုလက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဆိုထားပါတယ်။

NDAA ဥပဒေကြမ်းမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုအတွက် စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ NUCC၊ NUG၊ CRPH၊ CDM နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို အမေရိကန်ရဲ့ ကူညီ ထောက်ပံ့ရေးမူဝါဒ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး NDAA မှာ စစ်ကောင်စီ ခရိုနီတွေရဲ့ စွမ်းအင်ကဏ္ဍ နဲ့ အတူ တခြားစီးပွားရေးလုပ်ငန်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးချဲ့ပြုလုပ်နိုင်မယ့် အခွင့် အာဏာရှိနေတယ်လို့ သိရပါတယ်။

Burma Act မှာ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၊ ဒီမိုကရေစီလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကို ဆက်သွယ်ရေး နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမို အားကောင်းလာစေဖို့ နည်းပညာနဲ့ လက်နက်မပါတဲ့ အထောက်အပံ့တွေ ပေးဖို့ အချက်ထည့် သွင်းထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.