မော်လမြိုင် – ဒီဇင်ဘာ(၁၆)
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ တစ်ရက်နေ့မှာ မြန်မာစစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး ဆယ်စုနှစ်တခုစာ ဒီမိုကရေစီပြန်လည်တည်ဆောက်မှုတွေကို အဆုံးသတ်ကာ စစ်အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းနိုင်ဖို့အတွက် လက်နက်အားကိုးနဲ့ အာဏာသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ အာဏာသိမ်းမှုတွေ စစ်အုပ်ချုပ်ရေးကပေးတဲ့ ဒုက္ခတွေကို နှစ်ပေါင်းများစွာ အကြိမ်ကြိမ်ခံစားခဲ့ရတာဖြစ်တဲ့အတွက် ဒီတစ်ကြိမ် အာဏာသိမ်းတာကိုတော့ ပြည်သူတွေဟာလုံးဝလက်မခံတော့သလို စစ်ကောင်စီကို ပြည်တွင်းရော ပြည်ပကပါ ဆန့်ကျင်တွန်းလှန် နေကြတာပါ။
ပြည်တွင်း ပြည်ပမှာ အခြေချနေထိုင်နေတဲ့ ပြည်သူတွေဟာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ စွန့်လွှတ်အနစ်နာခံမှုတွေ ပေါင်းစပ်ပြီး စစ်ခေါင်းဆောင်ရဲ့ သူ့ကိုယ်သူ တင်မြှောက်ထောက်ခံခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အာဏာသိမ်းချိန်ကနေ လက်ရှိအချိန်ထိ နိုင်ငံကို အုပ်ချုပ်လို့ မရအောင် (၂၂) လနီးပါး တောင့်ခံတွန်းလှန်နေကြပါတယ်။
မြန်မာပြည်သူတွေဟာ စစ်ကောင်စီအစား နိုင်ငံရဲ့အနာဂတ်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ဖို့၊ အရပ်သား အစိုးရနဲ့ အရပ်သား ဦးဆောင်တဲ့ စစ်တပ်ပေါ်ပေါက်လာဖို့ကိုပဲ အားပေးထောက်ခံနေကြတာဖြစ်ပါတယ်။
စစ်ကောင်စီ အာဏာသိမ်းဖို့ ကြိုးပမ်းမှုတွေကိုတော့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဆန္ဒပြဝန်ထမ်းတွေနဲ့ တခြားအဖွဲ့အစည်းတွေပူးပေါင်းပြီး စစ်ကောင်စီကို မြေပေါ် မြေအောက် တော်လှန် နေကြတာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို စုပေါင်းဖွဲ့စည်းခဲ့ပြီးနောက် တော်လှန်ရေး ရည်မှန်းချက်တွေ ဖော်ဆောင်ရေး၊ အရေးပေါ် ယာယီအစိုးရဖွဲ့စည်းဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပေါ်ပေါက်လာရေးတို့ကို ကြိုးပမ်းခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီလို စုဖွဲ့မှုရဲ့ ရလဒ်အနေနဲ့မူကြမ်း အပိုင်း(၁)မှာ ဖက်ဒရယ်ဒီမိုကရေစီ မူကြမ်းပေါ်ပေါက်လာပြီး ဘုံရည်မှန်းချက်တွေဖော်ဆောင်ဖို့ ပိုမိုနီးကပ်လာသလို ဘုံရည်မှန်းချက်အောင်မြင်ဖို့ မဟာမိတ်အဖွဲ့တွေကြား သဘောတူညီချက်တွေပါဝင်ပြီး အနာဂတ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်၊ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံဥပဒေသစ်နဲ့အတူ ဒီမိုကရေစီ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။
မူကြမ်းအပိုင်း(၂) မှာတော့ အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ဖွဲ့စည်းဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရဟာ မူကြမ်းတွေကို အကောင်အထည်ဖော်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ရည်မှန်းချက်ဟာ ပြည်သူတွေနဲ့အတူ ကွဲပြားမှုကို လက်ခံဖို့၊ စိတ်ဓာတ်ခိုင်မာဖို့၊ တန်းတူညီမျှ ရှိဖို့၊ လူ့အခွင့်အရေးတွေ ကာကွယ်ဖို့နဲ့ ဒေသအလိုက် အစိုးရကောင်းတွေပေါ်ပေါက်လာရေး ယုံကြည်ချက်တွေကနေ ပေါက်ဖွားတာလာဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံရေးပဋိပက္ခဟာ ဘက်နှစ်ဘက် အားပြိုင်တာ မဟုတ်ဘဲ နိုင်ငံတစ်ခုလုံးနဲ့ စစ်ကောင်စီရဲ့ မတရားမှုတို့ အားပြိုင်နေတာဖြစ်ပြီး လူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံမှာ တစ်နိုင်ငံလုံး အုံကြွတော်လှန်မှုဟာ တိုင်းရင်းသားပေါင်းစုံ ဘာသာပေါင်းစုံ နိုင်ငံရေးယုံကြည်ချက် ပေါင်းစုံ နောက်ခံအသိုင်းအဝိုင်းပေါင်းစုံက ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြီးတွေ ဖြစ်ပေါ်လာစေခဲ့တာပါ။
စစ်ကောင်စီအာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ မြန်မာ့နွေဦးတော်လှန်ရေးမှာတော့ စစ်တပ်ဟာ အရင်က လက်နက်ကိုင်တော်လှန်မှုနဲ့ ရင်ဆိုင်ရလေ့မရှိတဲ့ ဗမာတိုင်းရင်းသားတွေရဲ့ နှလုံးသား အချက်အချာနယ်မြေတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာပါ လက်နက်ကိုင် တော်လှန်မှုတွေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။
အဲဒီနယ်မြေတွေဟာ အရင်က စစ်တပ်ရဲ့ တပ်သားစုဆောင်းရာ အဓိကနယ်မြေတွေဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ စစ်တပ်ကို အပြင်းအထန်တော်လှန်တဲ့ နယ်မြေတွေဖြစ်လာပြီး စစ်တပ်ထဲက တပ်သားတွေဟာလည်း NUG နဲ့ ပူးပေါင်းလာတာ စစ်သားနဲ့ ရဲ (၁) သောင်းကျော်ရှိလာပြီဖြစ်သလို သူတို့ကို ကောင်းမွန်စွာ လက်ကမ်းကြိုဆိုနေတယ်လို့ သိရပါတယ်။
NUG ဟာ မြန်မာနိုင်ငံသမိုင်းမှာ လူမျိုးဘာသာပေါင်းစုံ အပါဝင်ဆုံးနဲ့ ကိုယ်စားပြုမှု အများဆုံး အစိုးရဖြစ်လာပြီး NLD ပါတီအပြင် အစိုးရအဖွဲ့ရဲ့ (၆၀) ရာခိုင်နှုန်းလောက်ဟာ တခြားနိုင်ငံရေး ပါတီတွေနဲ့ သီးခြားကိုယ်စားလှယ်တွေအပြင် တိုင်ရင်းသားတော်လှန်ရေးအဖွဲ့တွေ ပါဝင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ NUG အစိုးရကို ပဲ့ကိုင်နေတဲ့ ယာယီသမ္မတ ဒူဝါလရှီးလဟာ ကချင်တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင် သီးခြားနိုင်ငံရေးကိုယ်စားလှယ်အဖြစ်ကနေ ယာယီသမ္မတ ဖြစ်လာသူ ဖြစ်ပြီး သူတို့တွေဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးနဲ့ နိုင်ငံသားဖြစ်ခွင့်ရရှိရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်ပေးနေသူတွေဖြစ်ပြီး နိုင်ငံကို အမှန်တကယ် ကိုယ်စားပြုတဲ့ အစိုးရ တစ်ရပ် ဖြစ်တယ်လို့ ပြည်သူတွေက ထောက်ခံအားပေးနေကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီက မြန်မာနိိုင်ငံကို ၁၉၉၀ နဲ့ ၂၀၀၀ ပြည့်နှစ်တွေတုန်းကလို အာဏာရှင် အုပ်ချုပ်ရေး စနစ်မျိုး လုံးလုံးလျားလျားဖော်ဆောင်ဖို့ ကြိုးပမ်းနေပေမယ့် အောင်မြင်မှာမဟုတ်သလို လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့ကိုယ်သူတို့ အယုံအကြည်ကင်းမဲ့ လာပြီး စစ်တပ်လုပ်နိုင်တာဟာ မြန်မာပြည်သူတွေကို အကြမ်းဖက်မှုနဲ့ စိတ်မလုံခြုံမှုတွေကို အဓိကပေးတဲ့ အဖွဲ့အစည်းဆိုတာထပ် မပိုတော့ပါဘူး။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်နေတဲ့ စစ်တပ်ဟာ ဂီတပွဲတွေကို ဗုံးကျဲတာ၊ လူတွေကို အရှင်လတ်လတ်မီးရှို့တာ၊ ကလေး(၄၀၀) ကျော်ကို သတ်ဖြတ်ပြီး ပြည်သူတွေရဲ့ နေအိမ် (၃၀၀၀၀) ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပြီး သူတို့တွေဟာ နိုင်ငံကို ဖျက်ဆီးဖို့ သန္နိဋ္ဌာန်ချမှတ်ထားတဲ့ လက်နက်ကိုင် အကြမ်းဖက် ရာဇဝတ်အဖွဲ့ပဲ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း တစ်လကို တိုက်ပွဲပေါင်း (၉၀၀) လောက် ရင်ဆိုင်ခဲ့ရတာပါ။
လက်ရှိသူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေဟာ နိုင်ငံရဲ့ တစ်ဝက်လောက်တောင်မရှိတော့သလို သူတို့ရဲ့ တပ်သားဆုံးရှုံးနေတာတွေကိုလည်း ပြန်လည်ဖြည့်တင်းနိုင်ဖို့ ရုန်းကန်နေရပြီး တချိန်က ကျော်ကြားခဲ့တဲ့ စစ်တက္ကသိုလ်တွေမှာလည်း တက်ရောက်သူ အလွန် နည်းပါးနေတာကြောင့် အငြိမ်းစားယူထားတဲ့ စစ်ပြန်တွေ၊ ရဲတပ်သားတွေနဲ့ စစ်သည်ဇနီးမယားတွေအပြင် စစ်သားတွေရဲ့ သားသမီးတွေကိုပါ ဆွဲသွင်းအသုံးပြုနေရပါပြီပြီးခဲ့တဲ့ တစ်နှစ်အတွင်း စစ်တပ်ဟာ နိုင်ငံရဲ့ အဓိက နယ်မြေကြီး (၆) ခုမှာ တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့တွေနဲ့ ထိတွေ့မှုတွေမှာ စစ်သား (၁၂၀၀၀) ကနေ (၁၅၀၀၀) ကြား ဆုံးရှုံးခဲ့ ရပြီး (၃၅၀၀၀) လောက်ဟာလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအရေအတွက်ဟာ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုနဲ့ ယှဉ်ရင် ပိုမိုများပြားနေတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ဗိုလ်ချုပ်တွေဟာ မြန်မာနိုင်ငံကို မှားယွင်းအကဲဖြတ်ပြီး အာဏာသိမ်းဖို့ ကြိုးစားနေပေမယ့် ၂၀၂၁ ခုနှစ်ရဲ့ မြန်မာနိုင်ငံဟာ စစ်တပ်ခုနှစ်နောက်ဆုံးတစ်ခေါက်အာဏာသိမ်းခဲ့တုန်းကလို သီးခြားတိုင်းပြည်လေးမဟုတ်တော့ဘဲ ၂၀၁၁ နဲ့ ၂၀၂၁ ရဲ့ ဆယ်စုနှစ်ချီတဲ့ ပြုပြင်ပြောင်းလဲ မှုတွေ ပွင့်လင်းမြင်သာမှုတွေကြောင့် လူမှုရေး စီးပွားရေးတွေ တိုးတက်နေတဲ့ နိုင်ငံအဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။
ဒါကြောင့် စစ်တပ်ရဲ့ ရက်စက်တဲ့ အုပ်ချုပ်မှုတွေကို လက်မခံမယ့် ပိုမိုသာယာဝပြောတဲ့ ပညာပို တက်တဲ့ နိုင်ငံတကာနဲ့ ပိုမိုဆက်သွယ်နိုင်တဲ့ အသိုင်းအဝိုင်းတစ်ခုဖြစ်ပေါ်လာခဲ့တဲ့ နောက်ဆက် တွဲ အခြေအနေတွေနဲ့အတူ ပြည်သူတွေဟာ သူတို့ရဲ့ အနာဂတ်မျိုးဆက်ကို အရင်က တိုင်းပြည် အပေါ်စစ်တပ်ရဲ့ ဒုက္ခပေးမှုမျိုးတွေကို လုံးဝလက်ခံတော့မှာမဟုတ်တဲ့ ပုံစံနဲ့ တုန့်ပြန်နေကြတာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ မြန်မာနိုင်ငံကို အာဏာသိမ်းဖို့ ကြိုးစားနေတဲ့ လုပ်ရပ်တွေဟာ ဘယ်သူ့အပေါ်မှာမှ အကျိုးမရှိစေဘဲ ပြည်သူတွေကို ကြောက်လန့်မှုတွေသာ ခံစားစေရတာ နယ်မြေတွေ မငြိမ် မသက်ဖြစ်စေတာ စစ်ဘေးရှောင် ထောင်ပေါင်းများစွာကို အိမ်နီးချင်းနိုင်ငံတွေဆီး ထွက်ပြေး စေရတာနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုးပွားစေတာကလွဲရင် ဘယ်နေရာမှာမှကောင်းကျိုးမရှိနေဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်နေကြပါတယ်။
မြန်မာနိုင်ငံကို တရားဝင်အုပ်ချုပ်ခွင့်ရဖို့ မျှော်လင့်ချက်နဲ့ ရွေးကောက်ပွဲလုပ်ဖို့ ကြေညာထားတဲ့ စစ်ကောင်စီဟာ အရင်အာဏာသိမ်းခဲ့တဲ့ ပုံစံတွေရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်းလုပ်ကိုင်လာတာကို တချို့နိုင်ငံတွေက လက်ခံချင်နေကြပေမယ့် ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ပြည်သူအများစု သဘောထားပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့တော့ ဘယ်သူမှ မယုံကြည်ကြပါဘူး။
နိုင်ငံအနှံ့မှာလည်း အသံတိတ်ဆန္ဒပြမှုတွေ လုပ်ဆောင်ပြီး ပြည်သူတွေဟာ စစ်ကောင်စီနဲ့ လုံးဝ ပူးပေါင်းလိုစိတ်မရှိဘူးဆိုတာ ထုတ်ဖော်ပြသနေသလို စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကို လည်း ဆန့်ကျင်ကြဖို့ လှုံဆော်မှုတွေရှိနေပြီး ဒီရွေးကောက်ပွဲဖြစ်လာခဲ့ရင်တောင် ပဋိပက္ခတွေ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ နိုင်ငံတကာဥပဒေတွေကို လိုက်နာတာမရှိဘဲ ပြည်သူတွေကို အကြမ်းဖက်မှုတွေဆက်တိုက်ကျူးလွန်နေတာကြောင့် ရွေးကောက်ပွဲလုပ်ပြီး တရားဝင် ပြည်သူတွေကို ပြစ်မှုကျူးလွန်မယ့် စစ်ကောင်စီရဲ့ အတုယောင်ရွေးကောက်ပွဲကြောင့် နိုင်ငံပိုပြီး မတည်မငြိမ်ဖြစ်လာစေရုံသာရှိလာမှာပါ။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် အပြင် အာဆီယံညီအစ်ကိုတွေအနေနဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးဖို့နဲ့ လူပေါင်း(၁) သန်းကျော်နေရပ်စွန့်ခွာခဲ့ရပြီး (၁၅) သန်းကျော် ငတ်မွတ်ခေါင်းပါးမှုတွေနဲ့ ရင်ဆိုင် နေရတာကို ကူညီပေးဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တောင်းဆိုထားပါတယ်။
Ref: THE JAKARTA POST