ဘီးလင်း၊ ဒီဇင်ဘာ (၁၆)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ညောင်ထောက်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့KNLA ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ KNU သထုံခရိုင်မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက ညောက်ထောက်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်အင်အား ၅၀ လောက်ပါတဲ့ စစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA ပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အချိန်တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်အပြင် KNLA ပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့သိရပါတယ်။

KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌကတော့ ထိခိုက်သေဆုံးမှု အခြေ အနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီထောက်ခံသူ တယ်လီဂရမ်အကောင့်တွေမှာတော့ ဘီးလင်းတိုက်ပွဲမှာ PDF ရဲဘော် ၂ ဦး ကျဆုံးပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားတာတွေ ရှိနေပါတယ်။

တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်ဟာ ဖိုးဝသိမ်ကျေးရွာဘုန်းကြီးကျောင်းမှ စခန်းချတပ်စွဲပြီး ဒီကနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

နှစ်လနီးပါးအကြာ တိုက်ပွဲတွေငြိမ်သက်နေတဲ့ ဘီးလင်းမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်က စစ် ကြောင်းထိုး ဝင်ရောက်လာတာကြောင့် တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.