ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်တိုက်ပွဲမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေအပြင် လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်(၅၀)ကျော် မီး လောင်ပျက်စီးခဲ့ပြီး ဒေသခံ ၃ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAနဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ပွဲတွေကြောင့် ထိခိုက်ပျက်စီးမှု၊ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံအခြေအနေ၊ စစ်ကောင်စီတပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုအပါအဝင် တိုက်ပွဲဖြစ်ပွားရတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တအောင်းအရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ နမ့်ဆန်မြို့နယ်မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေရဲ့ အခြေအနေဘယ်လိုရှိပါသလဲ။

ဒီလိုထွက်ပြေးတိမ်းရှောင်နေရတဲ့ လူကတော့ တစ်ထောင်ကျော်လောက် ရှိတယ်။ တချို့တွေကတော့ တစ်စုတစ်စည်းပဲ နမ့်ဆန်မြို့ ဇယန်းကြီးဘုန်းကြီးကျောင်းမှာ ရောက်လာကြတယ်။ တချို့တွေကျတော့လည်း နီးစပ်ရာ တခြားရွာမှ ဆွေမျိုးတွေအိမ်မှာ သွား ရောက်နေထိုင်တဲ့ သူတွေလည်းရှိတယ်။ ဒါက စစ်ဘေးရှောင်ရဲ့ အခြေအနေပေါ့နော်။ တစ်ဖက်မှာလည်း ထိခိုက်မှုကတော့ တိတိကျကျတော့ စာရင်းမရသေးပါဘူး။ နေအိမ်ကတော့ ၅လုံးလောက် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ကြားပါတယ်။  အဲဒီထက်ပိုတာလည်း ရှိကောင်းရှိနိုင်တယ်။ ကျွန်မတို့ သတင်းတိတိကျကျတော့ မရသေးဘူး။

-လက်ရှိ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေက ဘယ်လိုရှိပါသလဲ။

အခု ဖြစ်သွားတဲ့တိုက်ပွဲမှာကျတော့ စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေ ဂျက်လေယာဉ်တွေကို တောက်လျှောက်သုံးပြီးမှ အပေါ်ကနေ တိုက်ခိုက်နေတယ်။ ဗုံးကြဲနေတဲ့ အနေအထားတွေတော့ ရှိနေတယ်။ နောက်တစ်ခု ကျတော့ တခြားမြို့ပေါ်မှာရှိနေတဲ့ သူတို့ရဲ့တပ်ရင်း၊ တပ်ဖွဲ့တွေကလည်း လက်နက်ကြီးတွေကို အသုံးပြုပြီးမှ တောက်လျှောက်လှမ်းပစ်နေတယ်။ အရမ်းပစ်နေတဲ့ အနေအထားတော့ ရှိနေတယ်။ ဒါကြောင့်မို့ ဒီဒေသတွေမှာ ကျေးရွာမှာ တိုက်ပွဲပြင်းထန်သွားတယ်။ ဒေသခံတွေ ထောင်ချီထွက် ပြေးနေရတာက အပေါ်ကနေ ရဟတ်ယာဉ်နဲ့ ပစ်ချတာတွေ လက်နက်ကြီးတွေနဲ့ပစ်နေတာတွေကြောင့် ဒေသခံတွေက လွတ်ရာ ထွက်ပြေးနေရတဲ့ ပုံစံမျိုးတော့ ဖြစ်တယ်။

-လတ်တလော စစ်ရှောင်တွေရဲ့ အခက်အခဲဘယ်လိုရှိပါသလဲ။

မြို့ပေါ်မှာ ထွက်ပြေးတိမ်းရှောင်လာနိုင်တဲ့သူတွေကျတော့ အဖွဲ့အစည်းတွေနဲ့လက်လှမ်းမီနိုင်တဲ့ အနေအထားရှိတော့ စားဝတ်နေ ရေးအတွက်ပဲပြောပြော၊ တခြားအသုံးအဆောင်ပိုင်းမှာပဲပြောပြော အဆင်ပြေသလောက်တော့ ရှိတယ်။ ဒါပေမယ့်လည်း ရွာပိုင်းမှာ ကျန်ခဲ့တဲ့သူတွေကျတော့ စားဝတ်နေရေးမှာရော၊ အသုံးအဆောင်တွေဘက်မှာရော လိုအပ်နေတယ်လို့တော့တွေ့ရတယ်။ အထူးသဖြင့် မြို့ပေါ်မှာ ရောက်နေတဲ့သူတွေအတွက်နဲ့  ရွာမှာကျန်ခဲ့တဲ့သူတွေရော အထူးသဖြင့် အမျိုးသမီးပိုင်းဆိုရင်တော့ အမျိုးသမီးပစ္စည်း အသုံးအဆောင်ပစ္စည်းပိုင်းမှာ အခက်အခဲ တွေတွေ့ရတယ်။ တော်တော်များများလာလှူကြတာ စားရေး သောက်ရေးနဲ့ လိုအပ်တဲ့တခြားအသုံးအဆောင် ပစ္စည်းတွေပဲဖြစ်တဲ့အတွက်ကြောင့် အဲဒီအပိုင်းမှာတော့ အခက်အခဲစိန်ခေါ်မှု ရှိတယ်။ စစ်ဘေးရှောင်ထဲမှာတော့ တော်တော်များများ သက်ကြီးရွယ်အိုတွေ၊ ကလေးရယ်၊ အမျိုးသမီးတွေက ပိုများတယ်။

-စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေမှာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုက ဘယ်လို အခြေအနေရှိနေလဲ။

တိုက်ခိုက်မှုအပေါ်မှာက ခုနကတောင်တစ်ဖက်မှာ သက်ရောက်မှုအများကြီး ခံစားရတာက အရပ်သားပြည်သူတွေက ပိုပြီးမှ ခံစားရတယ်။ ထွက်ပြေးတိမ်းရှောင်နေရတယ်။ ဒီလိုမျိုးရာသီကလည်း ဒီဘက်မှာဆို အရမ်းအေးစက်နေတဲ့ ရာသီဥတုဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ထွက်ပြေးတိမ်းရှောင်နေရတာ တကယ်ကိုမလွယ်။ ကိုယ့်အိမ်မှာကိုယ်နေတာတောင်မှ အအေးဒဏ်ကိုခံတုဖို့ အတွက်ဆိုရင် တော်တော်လေး အခက်အခဲရှိတယ်။ ဒီလိုမျိုး ထွက်ပြေးတိမ်းရှောင်နေရတဲ့ တောတောင်ထဲမှာ သွားနေနေရတာတွေ တခြားဒေသမှာ ရွှေ့ပြောင်းနေရတာက စိန်ခေါ်မှုအများကြီးကြုံ ရသလို တဖက်မှာလည်း ဒီလိုမျိုးအိုးအိမ်ထိခိုက်မှုတွေ အရပ်သား တွေအပေါ်မှာ ထိခိုက်ဒဏ်ရာရတာက အများစုကအရပ်သားအပေါ်မှာပဲ သက်ရောက်မှုများတာပေါ့နော်။

 -အခုလို စစ်ကောင်စီရဲ့ ထိုးစစ်လုပ်ဆောင်မှုတွေအပေါ် ဘယ်လိုမြင်ပါသလဲ။

ဒီဟာကျတော့ ကျွန်မတို့လည်း တိတိကျကျ မပြောတတ်ဘူး။ ဘာကြောင့်ဖြစ်လဲဆိုတဲ့ အကြောင်းရင်းကတော့ ကျွန်မတို့ မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီကတော့ အကြောင်းပြချက်မရှိလည်း တိုက်ပွဲဖြစ်ချင်တယ်ဆိုရင်တော့ ဖြစ်နေကျပဲ။ အကြောင်းပြချက်တစ်စုံတစ်ရာကြောင့်လား ဆိုတာထက် ဒီဒေသမဟုတ်ပါဘူး။ တခြားဒေသက မြို့ကြီးပြကြီးထဲမှာတောင် သူတို့တိုက်ချင် တယ်ဆိုရင် ဝင်တိုက်ခိုက်နေတဲ့ အနေအထားတွေ တွေ့ရတဲ့အခါကျတော့ အကြောင်းပြချက်ရှိမှ တိုက်တယ်ဆိုတာထက် သူတို့ တိုက်ချင်သလို ဝင်ဝင်တိုက်ပြီးမှ လုပ်ဆောင်နေတဲ့ အနေအထားတွေကိုတော့ လူ့အခွင့်အရေး ချိုးဖောက်မှုပိုင်းမှာပဲဖြစ်ဖြစ် တိုက်ပွဲ ဆင်တာပဲပြောပြော သူတို့ကလုပ်နေကျလို့တော့ မြင်တာပေါ့နော်။

– ဒီနှစ်ဖက်တိုက်ပွဲဟာ ဘာကြောင့် ဖြစ်ပွားရတယ်လို့ သုံးသပ်လို့ရနိုင်မလဲ။

ဒါကတော့ မတရားဘူးလို့ မြင်တယ်။ ဘာလို့လဲဆိုတော့ ဒီတိုက်ပွဲဖြစ်ပြီဆို အခုဆိုရင်လည်း ဒီမှာဖြစ်နေတဲ့ ဒေသသည် တအောင်း ရဲ့နယ်မြေဖြစ်တယ်။ တအောင်း အမျိုးသားထိန်းချုပ်ရေးနယ်မြေလည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့က ထိုးစစ်ဆင်လာတဲ့ အတွက်ကြောင့် အခုလိုမျိုး တိုက်ပွဲဖြစ်ပွားတာပေါ့။ တကယ်လို့ သူတို့တက်မလာဘူး။ ထိုးစစ်ဆင်မှု မရှိဘူးဆိုရင်တော့ တိုက်ပွဲက ဖြစ်ချင်မှလည်းဖြစ်မယ်။ တစ်ဖက်မှာလည်း ဒီလိုမျိုး တိုက်ပွဲဖြစ်နေတဲ့အချိန် အထူးသဖြင့် ရဟတ်ယာဉ်တွေ၊ ဂျက်လေယာဉ်တွေ အသုံးပြုပြီးမှ ဦးတည်ရာမဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့ အနေအထားတွေက တကယ်ကို ဆိုးဆိုးဝါးဝါး လုပ်နေတဲ့လုပ်ရပ်လည်းပြော လို့ရတယ်။ တစ်ဖက်ကလည်း ဒီလက်နက်ကြီးတွေကို ဦးတည်ရာမဲ့ပေါ့။ ဒေသခံတွေ ရှိတဲ့နေရာမှန်းမသိ ဒီတစ်ဖက်က တိုင်းရင်း သားလက်နက်ကိုင်တွေရှိတဲ့ စခန်းမှန်းမသိတဲ့ပုံစံမျိုး ဦးတည်တိုက်ခိုက်နေတဲ့ အရာတွေသည် တကယ်ကို လုံးဝဆိုးရွားနေတဲ့လုပ် ရပ်လို့ ပြောလို့ရ တယ်။ ဒါဟာလုံးဝမတရားတဲ့ ပုံစံမျိုးလည်း ပြောလို့ရတယ်။ တစ်ဖက်မှာလည်း ထိုးစစ်ဆင်မှုက အမျိုးမျိုးသုံးပြီးမှ ထိုးစစ်လာတာပေါ့။ အပေါ်ရော၊ မြေပြင်အနေအထားမှာရော ထိုးစစ်တိုက်လာတဲ့အတွက် ဒါကလုံးဝမဖြစ်သင့်တဲ့ အရာလို့ မြင် တယ်။

-နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပါဦး။

စစ်ကောင်စီလုပ်ရပ်တွေလည်း ကျွန်မတို့အနေနဲ့ဆိုရင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ဆိုရင်လည်း မြန်မာနိုင်ငံ တစ်ခုလုံးမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တိုက်ပွဲတွေဆက်လက် ပြင်းထန်နေတာတွေ့တယ်ဆိုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လည်း ရရာနည်းလမ်းမျိုးစုံနဲ့ မြန်မာပြည်သူပြည်သားတွေကို အတတ်နိုင်ဆုံးကူညီ စောင့်ရှောက်ပေးဖို့လည်း ကျွန်မတို့ တောင်းဆိုလို ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.