မော်လမြိုင်၊ ဒီဇင်ဘာ(၁၆)

မွန်ပြည်နယ်မှာ ကိုဗစ်ချေးငွေပြန်မဆပ်တဲ့ CDM ဝန်ထမ်းတွေကို အရေးယူဖို့ စစ်ကောင်စီက လက် အောက်ခံဌာနဆိုင်ရာတွေကို ဒီဇင်ဘာပထမအပတ်အတွင်း နှုတ်နဲ့လျှို့ဝှက်ညွန်ကြားလာတာတယ်လို့ ရုံးတက်နေတဲ့ Non CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ညွှန်ကြားချက်ထဲမှာတော့ CDM ဝန်ထမ်းတွေအနေနဲ့ ကိုဗစ်ချေးငွေတွေကို မဖြစ်မနေ ပြန်လည်ပေးဆပ်ခိုင်းဖို့နဲ့ ပြန်လည်ပေးဆပ်ခြင်းမရှိပါက နိုင်ငံတော်ဘဏ္ဍာငွေအလွဲသုံးစားမှုဥပဒေနဲ့ အရေးယူနိုင်ဖို့ကိုလည်း ညွန်ကြားလာတာ ဖြစ်ပါတယ်။

ဒီချေးငွေဟာ NLD အစိုးရ လက်ထက်တုန်းက ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကို ကုစားဖို့အတွက် နိုင်ငံ့ဝန်ထမ်းတွေအပေါ် အတိုးမဲ့ထုတ်ချေးပေးခဲ့တဲ့ ဝန်ထမ်း ၂ လစာ ချေးငွေလည်းဖြစ်ပါတယ်။

CDM ဝန်ထမ်းတွေထဲက ကိုဗစ်ချေးငွေပြန်မဆပ်တဲ့သူတွေကို အရင်ထဲကစာရင်းပြုစုထားပြီး ဖြစ်တာကြောင့် မကြာမီကာလအတွင်း အရေးယူလာနိုင်တယ်လို့ Non CDM ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

CDM ဝန်ထမ်းတစ်ဦးကတော့ စစ်ကောင်စီက ကိုဗစ်ချေးငွေတွေကို အတင်းအကျပ်ပြန်လည် ပေးဆပ်ခိုင်းပေမယ့် ကိုယ့်အစိုးရ မဟုတ်တာကြောင့် ပြန်ဆပ်မှာမဟုတ်သလို လက်ရှိကာလဟာ CDMဝန်ထမ်းတွေ ရုန်းကန်နေရတဲ့ကာလဖြစ်တာကြောင့် ပြန်မဆပ်နိုင်ဘူးလို့ ပြောပါတယ်။

“ကျွန်မတို့က ဆပ်စရာမလိုဘူးလေ။ အခုလောလောဆယ် သူတို့က ကျွန်မတို့အစိုးရမှ မဟုတ်ဘဲလေ။ သူတို့ကမတရားယူထားတဲ့ အာဏာဆိုတော့ ကျွန်မတို့ဆပ်စရာမလိုဘူးလို့ဘဲ ယူဆတယ်။ အကုန်လုံး ဆပ်လည်း မဆပ်နိုင်ကြတော့ပါဘူး။ ကျွန်မတို့ CDMတွေက ရုန်းကန်နေရတဲ့ ကာလပေါ့နော်။ ကျွန်မတို့က ဒီလောက်တောင် ပေးဆပ်ထားရတာ ဆပ်စရာမလိုဘူးလေ။ ဘာလုပ်ဖို့ ဆပ်ရမှာလဲ။ ဒါပေမယ့် လေဆိပ်တွေ၊ဘာတွေ အထွက်မှာတော့ ဒုက္ခရောက်မှာပေါ့။ လေဆိပ်တွေမှာတော့ အဲဒီလိုမျိုးဆပ်ခိုင်းတယ်လို့ ကြားတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီက ကိုဗစ်ချေးငွေတွေကို အတင်းအကျပ် ဖိအားပေးပြီး ပြန်လည်ပေးဆပ်ခိုင်းတာဟာ သူတို့ကို လက်မခံတဲ့ CDM ဝန်ထမ်းတွေကို ဖိနှိပ်ဖို့ ဖြစ်နိုင်သလို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးတာတွေ လုပ်ဆောင်နိုင်တာကြောင့် CDM ဝန်ထမ်းတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ တိုက်တွန်းတာပါ။

CDM ဝန်ထမ်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်ကထုတ်ပယ်ခံထားရတာ၊ နေအိမ်လိုင်းခန်းတွေကနေ နှင်ချခံရတာ၊ လစာမရတော့တာ၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးနေတဲ့အတွက် ဆက်လက်ရပ်တည်နေထိုင်ဖို့ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အခက်အခဲမျိုးစုံရင်ဆိုင်နေရတဲ့ CDM ဝန်ထမ်းတွေကို စစ်ကောင်စီဘက်က မကြာခဏဆိုသလို ဝင်ရောက်ရှာဖွေဖမ်းဆီးတာ၊ နည်းလမ်းအမျိုးမျိုးသုံးပြီး ခြိမ်းခြောက်အကြပ်အကိုင်နေတာပါ။

မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ အာဏာဖီဆန်ရေး CDM လုပ်ဆောင်ထားတဲ့ နိုင်ငံ့ဝန်ထမ်း ၄ သိန်းကျော် ရှိနေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.