ကယား၊ ဒီဇင်ဘာ (၁၆)

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)ကို လာမယ့် ၂၀၂၃ နှစ်ဆန်းပိုင်းမှာ ညီလာခံခေါ်ယူပြီး ပြန်လည်ဖွဲ့စည်းသွားမယ်လို့ ကောင်စီပြောခွင့်ရ ခူးထဲဘူးက သံလွင်တိုင်မ်းကို ပြောပါတယ်။

အသစ်ပြန်လည်ဖွဲ့စည်းမယ့် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီဟာ ကရင်နီပြည်နယ်အတွင်း အုပ် ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍတွေကိုပါ အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်ထားတာပါ။

လာမယ့်ညီလာခံမှာတော့ အရင်ကချမှတ်ထားတဲ့ ကြားကာလအစီအမံတွေကို ပိုမိုအကောင်အထည် ဖော်နိုင်ဖို့အတွက် တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်နိုင်တဲ့သူတွေကိုလည်း ပြန်လည်ရွေးချယ်ပြီး ဖွဲ့စည်းသွားဖို့ စီစဉ်ထားပါတယ်။

ကောင်စီပြောခွင့်ရ ခူးထဲဘူးကတော့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီကို ပြန်လည်ဖွဲ့စည်းရတာဟာ ချမှတ်ထားတဲ့ အစီအမံတွေဟာ စာရွက်ပေါ်မှာပဲရှိနေပြီး မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတာကြောင့် ပိုမိုကောင်းမွန်အောင်လုပ်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီကို ကရင်နီပြည်နယ်အတွင်းက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံအမတ်တွေ၊နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ လူငယ်တွေ၊ အမျိုးသမီးအဖွဲ့တွေနဲ့ တတ်သိပညာရှင်တွေပူးပေါင်းပြီး ၂၀၂၁ ခုနှစ် ဧပြီ ၉ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ကောင်စီထဲမှာတော့ နိုင်ငံရေးပါတီတွေဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KYSDP)၊ ကယန်းအမျိုးသားပါတီ (KNP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)တို့ပါဝင်ပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၅ ဖွဲ့နဲ့ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ကရင်နီအမျိုးသားများကာကွယ် ရေးတပ် (KNDF)တို့လည်း ပါဝင်ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့နှစ်လလောက်က NLD ပါတီနဲ့ ကယန်းအမျိုးသားပါတီ (KNP)၊ ဆက်လက်ပါဝင်ဖို့ အဆင်မပြေတဲ့အတွက် နှုတ်ထွက်ခွင့်တင်ပြလာတာကြောင့် ခွင့်ပြုထားတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီဟာ တစ်နှစ်ကျော်ကာလအတွင်း CDM ကော်မတီ၊ ကျန်းမာရေးကော်မတီ၊ ပညာရေးကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ လူသားချင်းစာနာထောက်ထားမှု ကော်မတီ၊ အခွန်စည်းကြပ်ရေးကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ လုံခြုံရေးနှင့် ကာကွယ်ရေးကော်မ တီတို့ကိုလည်း ဖွဲ့စည်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.