ဖာပွန်၊ ဒီဇင်ဘာ (၁၅)
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေထဲမှာ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား နေ့စဉ်နဲ့အမျှတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး အခုရက်ပိုင်းထဲ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေထဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၂)ရက်နေ့က မနက်(၉)နာရီအချိန်က KNU လူသောမြို့နယ် လယ်မူပလောကျေး ရွာအုပ်စုထဲမှာ အခြေချနေတဲ့ စစ်ကောင်စီထော်မူပလယ်မဲခြေကုပ်စခန်းအား KNLA တပ်မဟာ (၅) တပ်ဖွဲ့ဝင်တွေက ခြုံခိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တဲ(၂)လုံးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲ့ဒီနေ့ မနက်(၈)နာရီကျော်အချိန်မှာလည်း ဒွယ်လိုးမြို့နယ်၊ ဘော့လူတောင်ခြေ၊ ဘီးလင်းချောင်းကမ်းနံဘေးမှာ စစ်ကောင်စီတပ်နဲ့ တပ်မဟာ(၅)တို့အကြား ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က (၁)ဦးသေဆုံးပြီး (၁)ဦးဒဏ်ရာရရှိခဲ့ကာ KNLA ဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ(၁၁)ရက်နေ့ မနက်(၉)နာရီခွဲအချိန်ခန့်မှာ ဖာပွန်-ကမမောင်း ကားလမ်းလုံခြုံရေးယူနေတဲ့ ဆင်စွယ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNLA တပ်မဟာ(၅)က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်မှုကို မသိရှိရသေးဘဲ KNLA ဘက်က ထိခိုက်မှုမရှိကြောင်း ဆိုပါတယ်။
ဒီဇင်ဘာလ(၁၁)ရက်နေ့နဲ့ (၁၀)ရက်နေ့တွေမှာလည်း ဖာပွန်ခရိုင်အတွင်းက တောင်သုံးလုံးစခန်း၊ ဆင် စွယ်နဲ့ မထောကျေးရွာတွေမှာ အခြေစိုက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာတွေအပေါ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပြီး ဒေသခံရွာသားတွေ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ KNLA တပ်မဟာ(၅)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သတင်း -သံလွင်တိုင်းမ်