မော်လမြိုင်၊ ဒီဇင်ဘာ (၁၅)

မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာအကောင်အထည်ဖော် တည်ဆောက်သွားမယ့် လေဆိပ်နဲ့ဆိပ်ကိမ်းစီမံကိန်းအတွက် မြေယာလျော်ကြေးကို သုံးလအတွင်းပေးချေသွားမယ်လို့ မွန်ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ဦးအောင်ကြည်သိန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတကာအဆင့်မီ လေဆိပ်ကို မုဒုံမြို့နယ်၊ကော့ပရံကျေးရွာအနီးမှာ တည်ဆောက်ဖို့နဲ့ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းကို မုဒုံမြို့နယ်ရဲ့ ပင်လယ်ထွက်ပေါက်နဲ့နီးတဲ့ ဘလောက်ညောင်ဝိုင်းနဲ့ ဝဲကလိကျေးရွာကြားမှာ တည်ဆောက်သွားဖို့ မြေနေရာတွေသတ်မှတ်ထားပါတယ်။

နိုင်ငံတကာအဆင့်မီ လေဆိပ်စီမံကိန်းအတွက် မြေဧက ၄၃၀၀ ကျော်လျာထားသလို ဆိပ်ကမ်းစီမံကိန်းအတွက် မြေဧက ၃၆၀ ကျော် သတ်မှတ်ထားပါတယ်။ အဲဒီစီမံကိန်းအတွက် မြေယာလျော်ကြေးအဖြစ် ငွေကျပ် ၂၇ ဘီလီယံကျော် ပေးချေသွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

မွန်ပြည်နယ်၊စစ်ကောင်စီပြောခွင့်ရ ဦးအောင်ကြည်သိန်းကတော့ လေဆိပ်နဲ့ ဆိပ်ကမ်းစီမံကိန်းအတွက် လျော်ကြေးပေးဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကနေ ဘတ်ဂျက်ခွင့်ပြုချက်ကျလာရင် ဖွဲ့ထားတဲ့အဖွဲ့တွေကနေ သုံးလအတွင်းအကုန်ပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

“လေဆိပ်စီမံကိန်းက လျော်ကြေးပေးဖို့ပဲ စောင့်နေတာပေါ့၊ မလာသေးဘူး။ ပို့/ဆက် ကနေလာရင် ကျွန်တော်တို့ စလုပ်တော့မယ်။ အဖွဲ့ဖွဲ့ထားတာ ရှိတယ်၊ သုံးလအတွင်းပေးနိုင်အောင်ပေါ့။ အကုန်လုံးအရင်တုန်းက စစ်ပြီးသားစာရင်းအတိုင်းပေးဖို့ပဲ။ ပုံစံ ၇ ရှိတဲ့အတိုင်း ကောက်ထားတဲ့အတိုင်း အကုန် လုံး လေဆိပ်ဧရိယာအားလုံးကို ရအောင်လျော်ပေးမှာပေါ့။ သုံးလအတွင်း အကုန်ပြီးတော့မှာပါ” လို့ သူက ပြောပါတယ်။

သုံးလအတွင်း လျော်ကြေးပေးမယ့်အစီအစဉ်ဟာ ဘယ်အချိန်ကာလလဲဆိုတာ ထည့်ပြောသွားတာ မရှိသလို မြေယာလျော်ကြေးအတွက် လယ်ယာမြေတစ်ဧကကို ဘယ်လောက်ပမာဏအထိ လျော်ကြေးပေးမယ်ဆိုတာလည်း ပြောဆိုခြင်း မရှိခဲ့ပါဘူး။

စစ်ကောင်စီနဲ့ ပူးပေါင်းထားတဲ့ မွန်ညီညွတ်ရေးပါတီကတော့ စစ်ကောင်စီ အကောင်အထည်ဖော်ဆောင် ရွက်မယ့် လေဆိပ်နဲ့ဆိပ်ကိန်းစီမံကိန်းကို စောင့်ကြည့်နေကြောင်းနဲ့ မြေယာလျော်ကြေးပေးချေရာမှာလည်း ဥပဒေနဲ့အညီ ဖြစ်ဖို့ ကြိုးပမ်းသွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

ဒေသခံတစ်ဦးကတော့ လေဆိပ်စီမံကိန်းမြေနေရာကို အရင်ကလျော်ကြေးအဖြစ် တစ်ဧကကျပ်သိန်း ၂၀ သတ်မှတ်ပြီး သစ်ပင်တွေနဲ့ အဆောက်အဦးရှိတဲ့ မြေနေရာတွေကိုလည်း လျော်ကြေးပေးဖို့ တန်းဖိုးသတ်မှတ်ခဲ့ပေမယ့် မြေပိုင်ရှင်လယ်သမားတွေက မကျေနပ်ကြဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စောစောတုန်းက သူတို့ မုဒုံနဲ့ကော့ပရံကြားက လေယာဉ်ကွင်းနေရာကို သိန်း ၂၀ သတ်မှတ်တာပေါ့။နောက်သစ်ပင်တွေနဲ့အဆောက်အဦးတွေ ရှိတဲ့နေရာတွေကို ဘယ်လောက် အဲဒီလိုမျိုး သတ်မှတ်ထားတယ်။ အဲဒါကို လယ်သမားတွေက မကျေနပ်တဲ့အခါကြတော့ အဲဒီလောက်ဆို မပေးနိုင်ကြဘူး။ မပေးနိုင်ဘူးဆိုတာကလည်း အရင်ကဒီဘက်မှာ ကုမ္ပဏီတွေက ဧက ၅၀၀ လောက် ဝယ်ထားတဲ့အခါကျတော့ မုဒုံနဲ့ ကော့ပရံလမ်းက လယ်တွေက၊ ဓနရှင်တွေက တစ်ဧကကို သိန်း ၁၀၀ / ၁၅၀ လောက်အထိ ရှိတယ်။ အခုလိုမျိုး လျော်ကြေးဈေးက အဆင်မပြေဘူး။ အခုက သူတို့က ၅၀ လောက်အထိ ပေးမယ်လို့တော့ ပြောသံကြားတာပေါ့။ ဒါပေမယ့် လောလောဆယ် ဘာမှအကောင်အထည်မဖော်ရသေးဘူး”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီက အသစ်တည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီလေဆိပ်နဲ့ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း စီမံကိန်းအတွက် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုဝန်ကြီးတွေပါဝင်တဲ့ စီမံကိန်း အကောင် အထည်ဖော်ရေး ကြီးကြပ်မှုဗဟိုကော်မတီကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့အဆိုအရ လေဆိပ်စီမံကိန်းအနီးတဝိုက်ရှိ လမ်းတွေကို ပြန်လည်ပြုပြင်မှုတွေ ရှိနေပေမယ့် စီမံကိန်းဧရိယာကိုတော့ ကော်မတီဖွဲ့ပြီး တစ်နှစ်ကြာတဲ့အထိ ဘာလုပ်ငန်းမှ အကောင်အထည် ဖော်တာ မရှိသေးဘူးလို့ ဆိုကြပါတယ်။

မွန်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီကတော့ စစ်ကောင်စီရဲ့စီမံကိန်းဟာ လူတစ်စုကောင်း စားရေး အာဏာရှင်စီမံကိန်းမျှသာဖြစ်ကြောင်းနဲ့ တရားဝင်အစိုးရမဟုတ်တာကြောင့် သူတို့ရဲ့ မြေယာသိမ်းဆည်းတာ၊ ရောင်းချတာနဲ့ လက်ပြောင်းလက်လွှဲပြုတာတွေ တရားမဝင်ဘူးလို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့မှာ ကြေညာထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.