ကွာလာလမ်ပူ၊ ဒီဇင်ဘာ (၁၅)

မလေးရှားနိုင်ငံမှာဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား၁၁၄ ဦးကို အတင်းအကြပ် ပြန်ပို့ဖို့စီစဉ်နေတဲ့အ ကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ဖော်ပြောဆိုလာပြီးတဲ့နောက် အဲဒီဆောင်ရွက်ချက်ကို မလေးရှားနိုင်ငံ တရားရုံးဘက်က ပြန်လည်ရုတ်သိမ်းလိုက်ပြီလို့ ရှေ့နေတွေကပြောပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နဲ့ Access Asylum Malaysia တို့ဟာ အခုလိုအစုလိုက် အပြုံလိုက် ပြန်ပို့တဲ့ အစီအစဉ်ကို ပြန်လည်စဉ်းစားပေးဖို့ မလေးရှား အစိုးရကို တိုက်တွန်းထားခဲ့တာပါ။  

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ မြန်မာ့အရေးတာဝန်ယူထားတဲ့ ရှေ့နေ Lim Wei Jet က တော့ ကွာလာလမ်ပူ အထက်တရားရုံးရဲ့ စီရင်ချက်ကို အယူခံဝင်မှာဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။

“အယူခံတရားရုံးမှာ အစောဆုံးတွေ့နိုင်အောင် ကြိုးစားနေပါတယ်။ မကြာခင် ပြည်နှင်ဒဏ်ပေးမလား ၊ မပေးဘူးလားဆိုတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ပြီးတော့ အယူခံတရားရုံးနဲ့ ပြည်ထဲရေးဝန်ကြီးကို အယူခံတင်ထားပါတယ်” လို့ သူကဆိုပါတယ်။

လူဝင်မှုကြီးကြပ်ရေးကနေ ထိန်းသိမ်းခံနေရတဲ့ မြန်မာနိုင်ငံသား ၁၁၄ ဦးမှာ ကလေးငယ်တွေလည်း ပါဝင်ပြီး ခိုလှုံခွင့်ရှာဖွေနေသူတွေဖြစ်တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ မလေးရှားနိုင်ငံဆိုင်ရာ ဒါရိုက် တာက ပြောကြားခဲ့တာပါ။

အဖွဲ့ရဲ့ရှေ့နေတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြောင်းပြချက်နဲ့ နေရပ်ပြန်ပို့ခြင်းကို ရပ်တန့်အောင် တိုက်တွန်းပေးနိုင်ဖို့ မလေးရှား ပြည်ထဲရေးဝန်ကြီးနဲ့တွေ့ဆုံဖို့ ကြိုးစားနေကြတာပါ။

မလေးရှားနိုင်ငံဟာ ၁၉၅၁ ခုနှစ်ဒုက္ခသည် ကွန်ဗင်းရှင်းမှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်ပါဘူး။  နိုင်ငံ တကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နဲ့ Access Asylum Malaysia က “မလေးရှားအစိုးရဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာပြီး ကြမ်းတမ်းပြီး အန္တရာယ်ရှိတဲ့အခြေအနေထဲကို လူတွေပြန်ပို့ခြင်း လိုမျိုး တွန်းပို့တဲ့  ဘယ်လိုဆုံးဖြတ်ချက်ကိုမဆို ရပ်တန့်ရမယ်” လို့ ပြောကြားခဲ့ပါတယ်။

“နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုတွေကြားက မြန်မာနိုင်ငံကို အတင်းအကြပ်ပြန်ပို့တယ်ဆိုတဲ့ ဒီဆုံးဖြတ်ချက်ကို ရပ်တန့်ဖို့ တောင်းဆိုမှုတွေကို လျစ်လျူရှုထားဆဲဖြစ်တာကို သက်သေပြနေပါတယ်” လို့ လူ့အခွင့်အရေး အဖွဲ့ တွေက ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာလအတွင်းက မလေးရှားက ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား ၁၅၀ထဲမှာ တပ်မတော်က ထွက်ပြေး လာသူတွေပါဝင်တယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ NUG သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။

သူတို့တွေဟာ ဧပြီလကစတင်ပြီး ပြည်နှင်ဒဏ်ပေးခံရတဲ့ မြန်မာနိုင်ငံသား ၂,၀၀၀ ကျော်ထဲမှာပါဝင်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မလေးရှားအာဏာပိုင်တွေဟာ မြန်မာရေတပ်အရာရှိဟောင်း ခြောက်ဦးကို စက်တင်ဘာလထဲမှာ ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၆ ရက်မှာပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။

မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်တွေစာရင်းကို တောင်းခံခဲ့ကာ ပြည်နှင်ဒဏ်ပေးခံရသူ ၄ ဦးအထိရှိခဲ့ပြီး အရာရှိတစ်ဦးနဲ့ သူတို့ရဲ့ဇနီးတို့ကို ရန်ကုန်သို့ရောက်ရှိချိန်မှာ ထိန်းသိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

မလေးရှားပြည်ထဲရေးနဲ့ ကုလသမဂ္ဂ၊ အခြားအဖွဲ့အစည်းတွေ အောက်တိုဘာလနှောင်းပိုင်းမှာ တွေ့ဆုံစဉ် အချိန်တုန်းက မလေးရှားရဲ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်ခြင်း ရပ်တန့်သင့်တယ်လို့ မလေးရှား ပြည်ထဲရေးမှ ပြောကြားခဲ့ဖူးပါတယ်။

Ref; RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.