ပေါင်၊ ဒီဇင်ဘာ (၁၅)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းက နယ်ထိန်းရဲအပါအဝင် ရဲတပ်သား ၂ ဦး ပစ်သတ်ခံရမှုမှာ ဖမ်းဆီးခံလိုက်ရတဲ့ ဥတ္တံတားကျေးရွာက ဒေသခံအများစု ပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဥတ္တံတားကျေးရွာက ပြန်လာတဲ့ နယ်ထိန်းရဲအပါအဝင် ရဲတပ်သား ၂ ဦးကို ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၁ ရက်နေ့တုန်းက ပေါင်မြို့နယ်၊ ဖလပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ အမည်မသိသေနတ်သမားတွေက သေနတ်နဲ့ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

ရဲ ၂ ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်မှုပါဝင်ပတ်သက်တာ၊ သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဥတ္တံတားကျေးရွာဒေသခံ လူငယ် ၁၄ ဦး အပါအဝင် သက်ကြီးပိုင်းဦးမြတ်စံတို့ကို လာရောက်ဖမ်းဆီးသွားခဲ့တာပါ။

စစ်ကောင်စီဘက်က ဖမ်းဆီးသွားတဲ့ ဒေသခံ လူငယ် ၇ ဦးကို စစ်ဆေးမေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်ရှိတဲ့ဒေသခံတွေကိုတော့ စစ်ကြောရေးမှာ ပို့ဆောင်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဥတ္တံတားကျေးရွာကနေ ဇင်းကျိုက်ရဲစခန်းကိုပြန်လာတဲ့ နယ်ထိန်းရဲဒုတပ်ကြပ်မျိုးကိုကိုနဲ့ ရဲတပ်သား ခိုင်ဇော်ထွန်းတို့ဟာ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အခင်းဖြစ်နေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့တာ ဖြစ်ပါတယ်။

ရဲ ၂ ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီဘက်က ပေါင်မြို့နယ်အတွင်း လုံခြုံရေးတင်းကျပ်ထားသလို ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.