ရန်ကုန်၊ ဒီဇင်ဘာ (၁၅)
စစ်ကောင်စီဒေါက်တိုင်တွေကို ချေမှုန်းနေတဲ့ မြို့ပြပြောက်ကျားအဖွဲ့ဝင် (UG)တွေကို စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ ဖမ်းဆီးမှုတွေကို ခပ်စိပ်စိပ်လုပ်ဆောင်ခဲ့ပြီး UGတွေအပါအဝင် အရပ်သားလူငယ် ၃၀ကျော်ကို ဒီတစ်ပတ်အတွင်းမှာဖမ်းဆီးခံခဲ့ရတယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေထံမှ သိရပါတယ်။
ရန်ကုန်မြို့မှာစစ်ကောင်စီက မြို့ပြပြောက်ကျားတွေ တိမ်းရှောင်နေတယ်လို့ ယူဆရတဲ့နေရာတွေကို အချိန်မရွေး ဧည့်စာရင်းဝင်စစ်ပြီး ဖမ်းဆီးတာ၊ ဖမ်းဆီးမိတဲ့ မြို့ပြပြောက်ကျားတွေနဲ့ ထောက်ပံ့နေသူ ပြည်သူတွေရဲ့ ဖုန်းကတစ်ဆင့် လူမှုကွန်ရက်ကိုအခြေခံပြီး ကွင်းဆက်လိုက်လံဖမ်းဆီးတာတာတွေကို လုပ်ဆောင်နေတာပါ။
ဒါ့အပြင်ဖမ်းဆီးမိသူတွေရဲ့ မိဘဆွေမျိုးအိမ်တွေကို စောင့်ကြည့်ထောက်လှမ်းတာတွေကို လုပ်ဆောင်နေပြီး အိမ်ငှားလိုသူတွေကိုလည်း ယခင်ကနေထိုင်ခဲ့တဲ့ ရပ်ကွက်ထောက်ခံစာပါမှ အိမ်ငှားခွင့်ပေးရမယ်လို့ အမိန့် စာထုတ်တာ၊ ဘုန်းတော်ကြီးကျောင်းတွေကိုပါ ဧည့်စာရင်းတိုင်ရမယ်လို့ စာထုတ်ပြန်လာတဲ့အထိ မြို့ပြပြောက်ကျားတွေအတွက် ခိုလှုံစရာမရှိအောင် ကန့်သတ်လုပ်ဆောင်နေတာပါ။
“လမ်းမှာ စောင့်ကြည့်ပြီးဖမ်းတယ် ။ နေအိမ်ထဲဝင်ဖမ်းတယ်။ ဒီကိစ္စက အတော်အန္တရာယ်များတယ်။ လုံခြုံရေးကို အထူးသတိထားပြီး သေချာပြင်ဆင်ဖို့ ထပ်လိုမယ်ထင်တယ်။ ရန်ကုန်ရဲဘော်တွေဟာ အခက်အခဲကြားထဲ အလုပ်လုပ်နေကြရတာ။ ဖမ်းခံရတာနဲ့ တစ်ယောက်ဆိုတစ်ယောက်၊ တစ်ဖွဲ့ဆိုတစ်ဖွဲ့ ရန်ကုန်မြို့ပြတော်လှန်ရေးအတွက် အရမ်းနစ်နာတယ်။ အဖမ်းခံရတဲ့အထဲ UGမဟုတ်တဲ့ လူငယ်တွေကို သင်္ကာမကင်းလို့ ဖမ်းခံရတာတွေလည်းပါနေတယ်” လို့ မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါကြောင့် မြို့ပြပြောက်ကျားတွေအနေနဲ့ မစ်ရှင်တွေလုပ်ဆောင်ဖို့ အခက်အခဲတွေများလာပြီး ပြည်သူ လူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုလိုအပ်လာတယ်လို့ UGတွေက ဆိုပါတယ်။
“လက်ရှိအခြေအနေမှာ ကျွန်တော်တို့ safe house လုံခြုံတဲ့နေရာတစ်ခုရှာရဖို့ မလွယ်လှပါဘူး။ အဓိက ဒုက္ခပေးနေတာကတော့ စီစီတီဗွီနဲ့ဒလန်ပဲဖြစ်ပါတယ်။ စီစီတီဗွီကို ရှောင်ရှားသွားလာရတာကြောင့်မို့လို့ မစ်ရှင်တွေပြီးရင် မှတ်တမ်းတွေကို ဖျက်ထားစေချင်တာပါ။ နောက်တစ်ခုက လက်နက်ခဲယမ်းရရှိမှုကလည်း ခက်ခဲနေပါတယ်။ ရှိတာနဲ့ပဲ ရှေ့ဆက်လုပ်နေရတာပါ။ ရန်ကုန်မြို့ပြပြောက်ကျားတွေအနေနဲ့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုအပေါ်မူတည်ပြီး ရပ်တည်နေရတာပါ။ ပူးပေါင်းပါဝင်မှုများမှ ဆက် လက်ရပ်တည်လုပ်ဆောင်လို့ ပိုမိုအဆင်ပြေမှာပါ” လို့ မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ တော်လှန်ရေးအတွက်လိုအပ်တဲ့ ထောက်ပို့လုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတဲ့ ရန်ကုန်မြို့နေပြည်သူတွေနဲ့ မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့အောက်တိုဘာလကစလို့ တစ်သက် တစ်ကျွန်းထောင်ဒဏ်အပါအဝင် နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ပြီး တော်လှန်ရေးအင်အား ချည့်နဲ့လာစေဖို့ အရှိန်မြှင့်လုပ်ဆောင်နေတာပါ။
“ တော်လှန်ရေးလုပ်ရာမှ ာစိတ်ဓာတ်အပြင် ဦးနှောက်ကော၊ နည်းပညာဗဟုသုတလေးပါ ထပ်ပေါင်းထည့်စေချင်ပါတယ်။ တော်လှန်ရေးလူငယ်တွေ နည်းပညာဗဟုသုတပါ တတ်မြောက်စေချင်တယ်။ Facebook, Messenger,viberနဲ့ ပြည်တွင်းက mpt,mytel,ooredoo,atom စတဲ့အော်ပရေတာတွေ အားလုံးက လုံခြုံမှုရှိမနေဘူး”လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးကအခြေနေကို သုံးသပ်ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီက အခုလိုမြို့ပြပြောက်ကျားတွေကို ဆက်တိုက်ဖမ်းဆီးနေပေမယ့် လှုပ်ရှားမှုတွေက အရှိန် လျော့မသွားဘဲ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ စစ်ဗိုလ်ချုပ်အုန်းသွင်(ငြိမ်း)နဲ့ သမက်တို့ကို လုပ်ကြံခံရမှု၊ နိုဝင်ဘာ ၂၄ရက်က သုဝဏ္ဏမြို့နယ်က စစ်ကောာင်စီမှ အငြိမ်းစားအဆင့်မြင့်အရာရှိတစ်ဦးကို ပစ်သတ်မှုတွေ လုပ်ဆောင်ခဲ့ကြပြီး ဒီဇင်ဘာ ၂ရက်နေ့မှာ စစ်တပ်နဲ့ဆက်နွယ်နေတဲ့ RED ဘားနဲ့ The Old ဘားတို့ကို တစ်ပြိုင်တည်းဖောက်ခွဲမှုတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။
သတင်း -သံလွင်တိုင်းမ်