မော်လမြိုင်၊ ဒီဇင်ဘာ (၁၄) အာဏာသိမ်းပြီးနောက် သွင်းအားစုကုန်ပစ္စည်းတွေအပါအဝင် အထွေထွေကုန်ကျစရိတ် အဆမတန် ကြီးမြင့်နေတာကြောင့် မွန်ပြည်နယ်အတွင်းက တောင်သူတွေဟာ အခုနှစ်ဆောင်းရာသီမှာ သီးနှံစိုက်ပျိုးဖို့ အခက်ကြုံနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စိုက်ပျိုးရေးသုံး သွင်းအားစုဓါတ်မြေသြဇာဈေးနှုန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တစ်အိတ်ကို ကျပ် ၃၀,၀၀၀ ကနေ ကျပ် ၁၅၀.၀၀၀ အထိ ၅ ဆနီးပါး ဈေးနှုန်းမြင့်တက်လာခဲ့သလို ပိုးသတ်ဆေးအပါ အဝင် သီးနှံအားတိုးဈေးတွေကလည်း ၃ ဆကျော်ထိ ဈေးနှုန်းမြင့်တက်လာခဲ့တာပါ။

ဒါ့အပြင် ရေသွင်းစိုက်ပျိုးရတဲ့ ဆောင်းသီးနှံတွေကလည်း စစ်တပ်အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်နေတဲ့ဒဏ်ကို အလူးအလဲ ခံစားနေရတာဖြစ်ပါတယ်။

အခုလို အခြေအနေတွေကြောင့် တောင်သူတချို့ဟာ အခုနှစ်မှာဆောင်းသီးနှံစိုက်ပျိုးတာတွေ မလုပ်ဘဲ လုပ်ငန်းရပ်နားတာတွေ ရှိလာတယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။

“သွင်းအားစု ဓာတ်မြေဩဇာ ဈေးတွေကတော့ တက်ပြီးတော့ ပြန်မကျတော့ဘူး။ စက်သုံးဆီ ဈေးမြင့်တယ် သွင်းအားစုတွေ ဈေးမြင့်တဲ့အတွက် တောင်သူတွေကတော့လည်း တောင်သူတွေအလုပ်ပဲရှိတော့ လုပ်သာလုပ်ရတယ် ရင်တထိတ်ထိတ်ပေါ့။ တစ်ဧကဆိုရင် အနည်းဆုံးကုန်ကျစရိတ်က တင်း(၁၀၀)ကို (၇)သိန်း (၈)သိန်းလောက်ရှိတယ်။ ပန်းတိုင်ထွက်နှုန်း တစ်ဧကကို တင်း(၁၀၀) ထွက်မှမြတ်မှာပေါ့။ အကယ်ဤ အဲဒီထွက်နှုန်း (၁၀၀)အောက်ကို လျော့သွားရင်တော့ တောင်သူတွေက အမြတ်မရှိတော့ဘူး။ ဒီနှစ်မှာတော့ အဲဒီသွင်းအားစုတွေနဲ့ တွက်ချက်ပြီးတော့ တချို့တောင်သူတွေကလည်း စိုးရိမ်ပြီးတော့ မလုပ်တာတွေလည်းရှိတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် တောင်သူဟာ ဆောင်းရာသီ သီးနှံစိုက်ပျိုးဖို့အတွက် ချေးငွေရယူတဲ့နေရာမှာလည်း အရင်နှစ်ကအရှုံးပေါ်တာကြောင့် ချေးငွေပြန်မဆပ်နိုင်တဲ့အတွက် စစ်ကောင်စီ လက်အောက်ခံ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ချေးငွေမထုတ်ပေးတာတွေကြောင့်လည်း စိုက်ပျိုးမှုတချို့ ရပ်နားထားရတာတွေ ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း တောင်သူတွေဟာ ဆောင်ရာသီ သီးနှံမစိုက်ပျိုးနိုင်သလို မိုးစပါးစိုက်ပျိုးတဲ့နေရာမှာ သွင်းအားစုစရိတ် ကြီးမြင့်တာအပြင် ရာသီဥတုကြောင့် (၃)နှစ် ဆက်တိုက်အရှုံးပေါ်ခဲ့တာကြောင့် ချေးငွေပြန်လည်ပေးဆပ်ဖို့ပင် အခက်အခဲတွေ ဖြစ်ပေါ်နေရတယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။

“ဒီနှစ်စပါးက မနှစ်ကထက် ပိုဆိုးသွားတယ်။ ဒီနှစ် တစ်ဧက (၁၀)တင်းတောင် မပြည့်ဘူး။ ဒီနှစ်က ပိုးဖြစ်တယ်၊ မနှစ်က ရေကြီးတယ်၊ ဟိုတစ်နှစ်ကတော့ လေတိုက်ပြီးတော့ စပါးတွေဖလံဖြူ ဖြစ်သွားတာပေါ့။ (၃)နှစ် ရှိပြီး အဆင်မပြေဘူး။ ဝဲက (၂)ဆ၊ (၃)ဆ လောက်တက်သွားတယ်။ နောက်စက်မောင်းဆီ ကလည်း အများကြီးတက်သွားတယ်။ အရှုံးအများကြီး ပေါ်တယ်။ အခု ငွေသွင်းရမယ်ဆိုရင် နိုင်ငံတော် ပိုက်ဆံယူထားတယ် ဟုတ်လား။ ပထမနှစ်တုန်းကဆိုရင် နွားရောင်းတယ်။ မနှစ်တုန်းကဆိုရင် ရွှေတွေဘာတွေ နည်းနည်းပါးပါး ရှိတာ ရောင်းလိုက်တယ်။ ဒီနှစ်ကတော့ ဘာမှမရှိတော့ဘူး၊ ဘယ်လိုလုပ်ရမယ် မသိတော့ဘူး”လို့ ဆိုပါ တယ်။

တောင်သူတွေဟာ မိုးရာသီစပါး စိုက်ပျိုးစဉ်ကာလတုန်းကလည်း သွင်းအားစု ဈေးနှုန်းကြီးမြင့်တဲ့အတွက် သွင်းအားစုမထည့်နိုင်တာကြောင့် စပါး အထွက်နှုန်းနည်းခဲ့သလို စပါး ထွက်ရှိချိန်မှာလည်း ထင်သလောက် ဈေးနှုန်းမရရှိတဲ့အတွက် အကျိုးအမြတ်နည်းခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တောင်သူတွေဟာ ဆောင်းရာသီ သီးနှံတွေကို အရင်လိုအများအပြား စိုက်ပျိုးနိုင်ခြင်း မရှိတော့တဲ့အတွက် ဒီနှစ်မှာ ဆောင်းသီးနှံထွက်ရှိမှုနှုန်း သိသိသာသာ ကျဆင်းလာနိုင်တယ်လို့ တောင်သူတွေက ဆိုကြပါတယ်။

မွန်ပြည်နယ်မှာတော့ ဆောင်းရာသီ သီးနှံစိုက်ပျိုးမှုအနေနဲ့ ပဲတီစိမ်း၊ မတ်ပဲအပါအဝင် ပဲအမျိုးမျိုးနဲ့ နေကြာ၊ နှမ်း၊ ဟင်းသီးဟင်းရွက်အပြင် နွေစပါးစိုက်ပျိုးမှုတွေလည်း နေရာဒေသအလိုက် စိုက်ပျိုးတာတွေရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.