မြောက်ကိုရီးယားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားက အမေရိကန်၊ ဂျပန်တို့နဲ့ ပူးပေါင်းဆောင်ရွက်မယ်

ဆိုးလ် – ဒီဇင်ဘာ(၁၄) 

တောင်ကိုရီးယားက ဂျပန်၊အမေရိကန်တို့နဲ့ ပူးပေါင်းပြီး မြောက်ကိုရီးယားနိုင်ငံအပေါ် နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုးလ်ရဲ့ မြောက်ကိုရီးယားဆိုင်ရာ အထူးသံတမန်က ပြောခဲ့ပါတယ်။ 

ကိုရီးယားကျွန်းဆယ် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ အထူးကိုယ်စားလှယ် ကင်မ်ဂန်းက သူ့ရဲ့ဆွေးနွေးဖက်ဖြစ်တဲ့ အမေရိကန်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ တွေ့ဆုံချိန်မှာ မြောက်ကိုရီးယားရဲ့ နျူခြိမ်းခြောက်မှုတွေ ပိုမိုပြင်းထန်လာတယ် လို့ပြောခဲ့ပါတယ်။ 

“မြောက်ကိုရီးယားရဲ့ နောက်ထပ် ရန်စမှုတွေကို နိုင်ငံတကာအသိုက်အဝန်းရဲ့ ခိုင်မာပြီး စည်းလုံးညီညွတ်တဲ့ တုံ့ပြန်မှုကနေ ဖြည့်ဆည်းပေးမှာပါ” လို့ သူက ပြောခဲ့ပါတယ်။ 

 ဒီလထဲမှာ မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် ပဲထိန်းဒုံးကျည်(ICBM) စမ်းသပ်မှုပြီးနောက် နိုင်ငံသုံးနိုင်ငံက ပြုံယမ်းရဲ့ လက်နက်အစီအစဉ်နဲ့ ဆက်နွယ်နေတဲ့ အရာရှိတွေကို ပိတ်ဆို့မှုတွေ ထပ်မံချမှတ်ထားခဲ့ပါတယ်။ 

ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ဒီနှစ်အတွင်း မြောက်ကိုရီးယားရဲ့ ဒုံးကျည်(၆၀) ကျော် ပစ်လွှတ်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ နိုဝင်ဘာလ(၁၈) ရက်နေ့က ICBM စမ်းသပ်မှုအပြီး ရပ်ဆိုင်းထားခဲ့တဲ့ နျူလက်နက်စမ်းသပ်မှု ပြန်လည်စတင်မှာ စိုးရိမ်မှုတွေရှိနေတဲ့ကြားက ထွက်ပေါ်ခဲ့တာပါ။ 

မြောက်ကိုရီးယား ရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံကလည်း ပြုံယမ်း အပေါ်မှာ ဩဇာလွှမ်းမိုးမှုရှိနေတယ်လို့ တောင်ကိုရီးယားအထူးသံတမန်က ပြောခဲ့ပါတယ်။ 

မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဆောင်ကင်မ်က ဂျကာတာမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ပြုံယမ်းရဲ့ အပြုအမူဟာ ဒေသတွင်းနဲ့ ပြင်ပအတွက် အဆိုးရွားဆုံး လုံခြုံရေး စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။ 

“နိုင်ငံတကာ အသိုင်းအဝန်းက အတူတကွ ရပ်တည်ပြီး စုပေါင်းအား အသံနဲ့ ပြောဆိုမှသာ အောင်မြင်စွာ ဖြေရှင်းနိုင်မယ့် စိန်ခေါ်မှုတွေကို မြောက်ကိုးရီးယားက ထုတ်ပြနေတာဖြစ်တယ်” လို့ သူက ပြောခဲ့ပါတယ်။ 

 မဟာမိတ်သုံးနိုင်ငံဟာ တန်ပြန်တိုက်ခိုက်မှုစွမ်းရည်အပါအဝင် ရွေးချယ်စရာအားလုံးကို ဆန်းစစ်သွားမှာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ ဆိုက်ဘာ ခြိမ်းခြောက်မှုကို ပိုမိုသတိထား ဆောင်ရွက်သွားမှာဖြစ်သလို တွေ့ဆုံဆွေးနွေးရေးအတွက်လည်း လမ်းဖွင့်ထားမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနဲ့ ပင်လယ်ပြင်ရေးရာဗျူရိုညွှန်ကြားရေးမှူးချုပ် ဖူနာကိုရှီ တာကီဟီရို ကပြောခဲ့ပါတယ်။ 

ဒါ့အပြင် ဂျပန်နိုင်ငံဟာ ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သံသယရှိတဲ့ လာဇာရပ်ဇ် အစုအဖွဲ့အပါအဝင် ပိတ်ဆို့အရေးယူမှု အသစ်တွေအတွက် အဖွဲ့အစည်းသုံးခုနဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်းစီကို ပိတ်ဆို့ ခဲ့ပါသေးတယ်။ 

တရုတ်နဲ့ ရုရှားတို့ကတော့ ကုလသမဂ္ဂရဲ့ မကြာသေးခင်က ပိတ်ဆို့အရေးယူမှုတွေ ထပ်မံချမှတ် ဖို့ ကြိုးပမ်းတာတွေကို တားဆီးခဲ့ပြီး သူတို့ဟာ ဆွေးနွေးပွဲတွေ စတင်ဖို့ ဖြေလျှော့သင့်သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထိခိုက်မှုတွေကို ရှောင်ရှားသင့်တယ်လို့ ပြောခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.