ရန်ကုန်၊ ဒီဇင်ဘာ(၁၄)

စစ်ကောင်စီ ပြင်ဆင်သတ်မှတ်ခဲ့တဲ့ ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် ဧပြီကနေ စက်တင်ဘာလအတွင်း စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံရှိတဲ့ထဲက တရုတ်နိုင်ငံနဲ့ အများဆုံးကုန်သွယ်ခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ISP-Myanmar ရဲ့ အချက်အလက်တွေအရ အဲဒီခြောက်လတာကာလအတွင်းမှာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၄ ဒဿမ ၄ ဘီလီယံကျော်ရှိပြီး ကုန်သွယ်မှုရာခိုင်နှုန်းအနေနဲ့ ၂၆ ရာခိုင်နှုန်းကျော်ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒုတိယအများဆုံးကုန်သွယ်မှုမှာ ထိုင်းနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဒဿမ ၉ ဘီလီယံကျော်ရှိကာ စင်္ကာပူနိုင်ငံနဲ့ ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၂ ဘီလီယံကျော်နဲ့ တတိယအများဆုံး ရှိခဲ့ပါတယ်။

ခြောက်လတာအတွင်း ဇွန်နဲ့ ဩဂုတ်လတွေမှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်နဲ့ ကုန်သွယ်မှုအများဆုံးလုပ်ခဲ့ပြီး ဧပြီလမှာတော့ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၄ ဘီလီယံကျော်သာရှိပြီး ကုန်သွယ်မှုပမာဏ အနည်းဆုံးဖြစ်ခဲ့တာပါ။

စစ်တပ်အာဏာသိမ်းမှုအလွန် ကုန်သွယ်မှုတန်ဖိုးတွေ ကျဆင်းနေပေမယ့် တရုတ်၊ထိုင်းနဲ့ စင်္ကာပူနိုင်ငံတို့ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းကုန်သွယ်ဖက်တွေအဖြစ် ဆက်လက်ရပ်တည်နေပြီး အမေရိကန်၊စပိန်နဲ့ ဂျာမနီနိုင်ငံတို့ကလည်း ထိပ်တန်းကုန်သွယ်ဖက် ၁၀ နိုင်ငံစာရင်းမှာ ပါဝင်ခဲ့ကြပါတယ်။

၂၀၂၁ – ၂၀၂၂ မီနီဘတ်ဂျက်ကာလရဲ့ ပို့ကုန်နဲ့သွင်းကုန် နှစ်ခုစလုံးကို ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ပါက ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံနီးပါး ကျဆင်းသွားတယ်လို့ ISP-Myanmar က ဆိုထားပါတယ်။

ဒီအချက်အလက်တွေဟာ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စာရင်းတွေကို ISP- Myanmar က ပြန်လည်စီစစ်ပြီး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.