မော်လမြိုင် – ဒီဇင်ဘာ(၁၄)
မော်လမြိုင်-ရန်ကုန် ကုန်ရထား မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာကြောင့် ရထားခရီးစဉ်တချို့ကို ဖျက်သိမ်းလိုက်တယ်လို့ စစ်ကောင်စီ မြန်မာ့မီးရထားဌာနက ထုတ်ပြန်ပါတယ်။
အဲဒီကုန်ရထားဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီခွဲအချိန်က သထုံမြို့နယ်၊ ကလိကျွန်းကျေးရွာနဲ့ တံတားဦးကျေးရွာအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။
ကုန်ရထား မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့အတွက် ရန်ကုန် – မော်လမြိုင် အစုန်အဆန် ညရထား ခရီးစဉ် ၂ ခုစလုံးကို ဖျက်သိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။ပျက်စီးသွားတဲ့ ရထားလမ်းပြန်လည် ပြင်ဆင်လို့ မပြီးသေးတာကြောင့် ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ထွက်ခွာမယ့် ရန်ကုန် – မော်လမြိုင် အစုန်အဆန် နေ့ရထား ၂ စင်းလုံးရဲ့ ခရီးစဉ်တွေကိုလည်း ထပ်မံဖျက်သိမ်းထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖျက်သိမ်းလိုက်တဲ့ ခရီးစဉ်တွေအတွက် လက်မှတ်ဝယ်ယူထားတဲ့ ခရီးသည်တွေကို ငွေပြန်အမ်းပေးသွားမယ်လို့ ဆိုထားပါတယ်။ကုန်ရထားကို ဘယ်အဖွဲ့အစည်းက ဘာကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့လဲဆိုတာ လက်ရှိအချိန်ထိ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ၃ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံထားရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ