ဘုတ်ပြင်း၊ ဒီဇင်ဘာ(၁၄)

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ရတနာပုံကျေးရွာ ဒေသခံတွေကို စစ်ကောင်စီတပ်က အတင်း အဓမ္မခြိမ်းခြောက် မောင်းထုတ်ပြီးနောက် ကျေးရွာအတွင်း အထိုင်ချတပ်စွဲထားတယ်လို့ ဒေသ PDF တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် ရတနာပုံကျေးရွာမှာရှိတဲ့ စစ်ကောင်စီနယ်စပ်စခန်းကုန်းတစ်ခုကို ပြီးခဲ့တဲ့ ဒီဇင် ဘာ ၃ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်တွေက သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီဘက်က တပ်အင်အား အလုံးအရင်းအပြင် လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ပြီး ကျေးရွာအတွင်း ဝင်ရောက်လာပြီးနောက် ဒေသခံတွေကို ကျေးရွာကနေ ထွက်ခွာကြဖို့ ဖိအာပေး ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ဖိအားပေးလာတာကြောင့် ရတနာပုံကျေးရွာဒေသခံတွေဟာ ထိုင်းနိုင်ငံဘက်ခြမ်း ခေါင်လွှဲရွာဘက်ကို ထွက်ပြေးတိမ်းရှောင်သွားပြီး ကျန်တဲ့ဒေသခံတွေက ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့သွားကြတယ်လို့ သိရပါတယ်။

ဒေသ PDF တာဝန်ရှိသူတစ်ဦးကတော့ နှစ်ဖက်တိုက်ပွဲပြင်းထန်လာပါက စစ်ရေးအရ အချက်အချာကျတဲ့ ရတနာပုံကျေးရွာကို စစ်ကောင်စီတပ်က လက်ဦးမှုရယူတဲ့အနေနဲ့ ဒေသခံတွေကို ကျေးရွာအတွင်းကနေ မောင်းထုတ်နေတာဖြစ်တယ်လို့ ပြောပါတယ်။

ရတနာပုံကျေးရွာဟာ သတ္တုမိုင်းကို အခြေတည်ပြီး ဝမ်းစာရှာဖွေနေရတဲ့ ရွာဖြစ်ပြီး အိမ်ခြေ ၂၀၀ ကျော် လူဦးရေ ၈၀၀ ကျော်ရှိတဲ့ ရွာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.