ဒီပဲယင်း – ဒီဇင်ဘာ(၁၃)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က ကျေးရွာ(၁၈) ရွာမှာရှိတဲ့ နေအိမ်(၁၆၀၀) ကျော်ကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့က သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂) ရက်နေ့ကစပြီး ဒီပဲယင်းအရှေ့ဘက်ခြမ်းကကျေးရွာတွေကို အင်အား (၁၅၀) ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်သားတွေက ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့တာပါ။

စစ်ကြောင်းဝင်ရောက်လာထဲက ပြည်သူတစ်သောင်းကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတာ (၁၀) ရက်ကျော်လာပြီဖြစ်တဲ့အတွက် စားဝတ်နေရေးခက်ခဲနေသလို ခြုံစောင်တွေလည်း လိုအပ် နေတယ်လို့ သိရပါတယ်။

” လူဦးရေ တစ်သောင်းခွဲကျော်လောက်က အိုးမဲ့အိမ်မဲ့နဲ့ စားသောက်စရာလုံးဝမရှိတော့ဘူးဖြစ် နေတယ်။အကူညီတွေလိုအပ်နေပါတယ်။ကျွန်တော်တို့လည်း တတ်နိုင်သမျှကူညီတယ်။ ထောက် ပံ့တာမျိုးလုပ်ပေးနေပေမဲ့ကူညီမယ့်သူကိုမျှော်လင့်နေပါတယ်။ မသေအောင်တော့ ရပ်တည်လို့ရ သေးတယ်။” လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်း ရွာတွေကို ဝင်ရောက်စဉ်မှာလည်း ဒေသခံပြည်သူ (၁၃) ဦးလက်နက်ကြီး ထိမှန်ဒဏ်ရာရရှိထားပြီး စစ်ကြောင်းတစ်လျှောက် လူဦးရေး(၂၀) ဝန်းကျင်ကို ဖမ်းဆီးခေါ်ဆောင်သွားကာ ပြည်သူ(၅) ဦးကိုတော့ သူတို့ရဲ့ နေအိမ်တွေနဲ့အတူ မီးရှို့သတ်ဖြတ် ခဲ့တယ်လို့ သူက ပြောပါသေးတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာ(၁၀) ရွာကျော်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာနဲ့ ပြောက်ကြား တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးအခြေအနေကိုတော့ သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်ပြုလို့မရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.