မြစ်ကြီးနာ – ဒီဇင်ဘာ(၁၄)
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်သုံးဆီ ချွေတာဖို့အတွက် တိုင်းချစ်ပြည်ချစ်စိတ်နဲ့ စက်ဘီးစီးကြဖို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၃) ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံချိန်မှာ အခုလိုပြောခဲ့တာပါ။
“စက်သုံးဆီများကို ပြည်ပမှနှစ်စဉ်တင်သွင်းနေရ မှုကြောင့် နိုင်ငံခြားငွေသုံးစွဲမှုများ များစွာကုန် ကျလျက်ရှိကြောင်း၊ ထို့ကြောင့် စက်သုံး ဆီများကို တတ်နိုင်သမျှချွေတာသုံးစွဲရန်လိုကြောင်း၊ စက်သုံးဆီသုံးစွဲရန် မလိုအပ်သည့် စက်ဘီးကဲ့သို့သောယဉ်များကို တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် အသုံးပြုကြစေလိုကြောင်း” လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါ တယ်။
ဒါ့အပြင် ကုန်စည်ပို့ဆောင်ရေးမှာလည်း စက်သုံးဆီသုံးစွဲမှုနည်းပါပြီး ကုန်စည်တွေကို ပို့ဆောင်နိုင် တဲ့ ရထားနဲ့ သယ်ယူပို့ဆောင်တာကို ဆောင်ရွက်ရမှာဖြစ်သလို တစ်ဦးချင်းချွေတာသုံးစွဲမယ်ဆိုရင် နိုင်ငံခြားငွေကုန်ကျမှု လျော့နည်းစွားမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။
နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ နိုင်ငံတည်ငြိမ်ရေးချမ်းမှုရှိဖို့ လိုအပ်သလို လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာလည်း အရေးကြီးပြီး နိုင်ငံအတွင်းမှာ ရေအားလျှပ်စစ် ထုတ်လုပ်မယ်ဆိုရင် မီဂါဝပ်(၄) သောင်း ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းတွေ ရပ်တန့်ထားရပြီး ကချင်ပြည်နယ်ထဲမှာ ရေအားလျှပ်စစ်ထုတ်ယူနိုင်တဲ့ အရင်းအမြစ်များစွာရှိတဲ့အတွက် အကျိုးရှိစွာ အသုံးချစေလိုတယ်လို့ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လျှပ်စစ်မီးပုံမှန်မရရှိတော့သလို လျှပ်စစ်မီးကို အားကိုပြီး လုပ်ကိုင်နေရတဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ရပ်တန့်ကုန်တဲ့အတွက် ပြည်သူတွေကြား မှာဝေဖန်မှုတွေရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ကာချုပ်ရုံး