မော်လမြိုင် – ဒီဇင်ဘာ(၁၃)

လက်နက်အားကိုးပြီး နိုင်ငံတော်အာဏာလုယူထားတဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ဆက်လုပ် နိုင်ဖို့ အဓိက ထောက်ပံ့ပေးနေတဲ့ နိုင်ငံခြားငွေရလမ်းကြောင်းဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းက အစုရှယ်ယာအများဆုံးပိုင်ဆိုင်ထားတဲ့ ထိုင်နိုင်ငံပိုင် PTT ကုမ္ပဏီ ရဲ့ ထုတ်ကုန် တွေ သပိတ်မှောက်ဖို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာက ပိတ်ဆို့အရေးယူဖို့ နှောင့်နှေးနေတာကြောင့် PTT ထုတ်ကုန်တွေကိုပြည်သူတွေ ကိုယ်တိုင် သပိတ်မှောက် ဆန့်ကျင်ပြီး ပိတ်ဆို့ကျဖို့ ပြောဆိုခဲ့တာပါ။

“ဒီဇင်ဘာလအတွင်းမှာ PTT နဲ့ ပူးပေါင်းနေတဲ့ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို သပိတ်မှောက် ဆန့်ကျင် ကြဖို့ စတင်လုပ်ဆောင်နေပါတယ်။ နောက်ပိုင်းမှာလည်း ၎င်းတို့ရဲ့ တိုက်ရိုက်ထုတ်ကုန်တွေ၊ သွယ်ဝိုက်ထုတ်ကုန်တွေကို ဆက်လက်ထုတ်ဖော်သွားမှာဖြစ်ပြီး ပြည်သူတွေကလည်း တတပ် တအားပါဝင်ပေးကြပါလို့ တိုက်တွန်းပါတယ်” လို့ သွေးစွန်းငွေဖြတ်တောက်ရေး အဖွဲ့က သံလွင်တိုင်းမ် ကိုပြောပါတယ်။

PTT ကုမ္ပဏီဟာ မြန်မာပြည်တွင်းက ခရိုနီတွေနဲ့ပူးပေါင်းပြီး Brighter Energy၊ Brighter Energy Retail၊ Tunn Star ကုမ္ပဏီတွေနဲ့ ပေါင်းကာ PTT အင်ဂျင်ဝိုင်၊ စက်ဆီ-ချောဆီအမျိုးမျိုးနဲ့ Cafe Amazon တို့ကို လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က PTT ကုမ္ပဏီဟာ စစ်အုပ်စုကို အမေရိကန်ဒေါ်လာ သန်းပေါင်း (၄၅၈.၉) သန်း ပေးဆောင်ခဲ့ပြီး Total ထွက်ခွာပြီးနောက်ပိုင်း မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းရဲ့ အဓိကဦးဆောင်သူဖြစ်လာခဲ့သလို ၂၀၂၂ ခုနှစ်အတွက်လည်း ဒေါ်လာသန်းပေါင်း (၁၀၀၀) နီးပါးပေးဆောင်နိုင်တယ်လို့ သိရပါတယ်။

Brighter Energy , Brighter Energy Retail ကုမ္ပဏီတွေဟာ KBZ အုပ်စုရဲ့ လက်ခွဲကုမ္ပဏီ တွေ ဖြစ်ပြီး ၂၀၁၉ ခုနှစ်ကစပြီး PTT ရဲ့ လက်ခွဲကုမ္ပဏီ PTTOR နဲ့ ပူးပေါင်းကာ စက်သုံးဆီ ဆိုင် တွေနဲ့ Cafe Amazon ဆိုင်တွေကို ဖွင့်လှစ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Tunn Star ကုမ္ပဏီကလည်း ၂၀၀၈ ခုနှစ်ကစတင်ပြီး PTT နဲ့ ပူးပေါင်းကာ PTT အမှတ်တံဆိပ် စက်ဆီချောဆီတွေကို ဖြန့်ချီနေတဲ့ မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ် ဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.