မော်လမြိုင် – ဒီဇင်ဘာ(၁၄)
တရားသောစစ်ရဲ့ ကျင့်ဝတ်တွေကို စောင့်ထိန်းပြီး ခုခံတော်လှန်နေသလို တစ်ဖက်မှာလည်း မကောင်းဆိုးရွားလို ဆိုးယုတ်တဲ့ စစ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်းနေတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၃) ရက်နေ့က ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၇၈) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။
“ကျင့်ဝတ်အရ၊ စည်းမျဉ်းအရ၊ လူ့အခွင့်အရေး လေးစား လိုက်နာမှုတွေအရ စစ်ကို စစ်လို မတိုက်နိုင် တာတွေ ရှိနေတယ်။ အကြောင်းကတော့ ကျွန်တော်တို့ဟာ မူနဲ့ / စနစ်နဲ့ / ကျင့်ဝတ်နဲ့ လျှောက်လှမ်း နေတဲ့ တော်လှန်ရေးလမ်းစဉ်မို့ ဖြစ်ပါတယ်။ တစ်ဖက်မှာ တရားသောစစ်ရဲ့ ကျင့်ဝတ်တွေကို စောင့် ထိန်းပြီး ခုခံတော်လှန်နေရသလို တစ်ဖက်မှာလည်း မကောင်းဆိုးရွားလို ဆိုးယုတ်တဲ့ အကြမ်းဖက် စစ်အုပ်စုကို အမြစ်ဖြတ် ချေမှုန်းနေရပါတယ်။” လို့ NUG ယာယီသမ္မတက ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေမှာ အရပ်သားသေကြေမှုတွေနည်းနိုင်သမျှ နည်းအောင်လုပ်ရမှာဖြစ်ပြီး မဟာမိတ်တော်လှန်ရေးအင်အားစုတွေရဲ့ ရဲဘော်ရဲဘက်တွေ အကျအဆုံးနည်းနိုင်သမျှ နည်းရေး ကိုအဓိက လုပ်ဆောင်ကြဖို့လည်း ယာယီသမ္မတ က ပြောပါသေးတယ်။
စစ်ကောင်စီရဲ့ စစ်ရေးအရှိုက်ကို ထိုးနှက်နိုင်ဖို့ နိုင်ငံရေးအရ လုပ်နိုင်သမျှ ကိစ္စရပ်အားလုံး လုပ်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်။
နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲက စစ်ရေးအောင်နိုင်မှုနဲ့ နိုင်ငံရေးအရ ခိုင်ခိုင်မာမာ ထောက်ခံမှု ရရှိရေးမှာ မူတည်နေသလို ခုခံတော်လှန်စစ်မှာ ထင်ထင်ရှားရှားပြနိုင်တဲ့ စစ်ရေးအောင်နိုင်မှုတွေ ရရှိနိုင်ဖို့ကြိုးစားလုပ်ဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးအရအဖွဲ့အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုတိယဝန်ကြီးတွေ တက်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်