သထုံ၊ ဒီဇင်ဘာ(၁၃)
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်ထဲမှာ စစ်ကောင်စီတပ်က နေ့စဉ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်နေတာကြောင့် လုပ်ငန်းခွင်ဝင်ဖို့ အခက်အခဲမျိုးစုံရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
KNU သထုံခရိုင်ထဲက မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ဘားအံမြို့နယ်တွေမှာ အခုကာလဟာ မိုးစပါးရိတ်သိမ်းတာ၊ ရော်ဘာအစေးခြစ်တာနဲ့ ရာသီသီးနှံတွေ စိုက်ပျိုးကြတဲ့ကာလလည်း ဖြစ်ပါတယ်။
ဒါပေမယ့် တောင်သူလယ်သမားနဲ့ အလုပ်သမားတွေဟာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေလို့ ကြောက်လန့်ထွက်ပြေးနေရသလို လက်နက်ကြီးထိမှန်မှာကို စိုးရိမ်တာကြောင့် လုပ်ငန်းခွင်မသွားရဲကြဘူးလို့ ဆိုပါတယ်။
တောင်သူလယ်သမားတစ်ဦးကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်နေတာကြောင့် စပါးအားလုံး မရိတ်သိမ်းနိုင်သေးတာကြောင့် လာမယ့်နှစ်မှာ စားနပ်ရိက္ခာ မလုံလောက်တဲ့ပြဿနာနဲ့ ရင်ဆိုင်လာရနိုင်တယ်လို့ ပြောပါတယ်။
KNU သထုံခရိုင်ထဲက ကျေးရွာတွေကိုတော့ စစ်ကောင်စီသိမ်ဇရပ်အမြောက်တပ်အပါအဝင် သထုံနဲ့ကျိုက်ထိုမြို့နယ် အခြေစိုက်တပ်ရင်းတွေကနေ နေ့စဉ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်နေတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သိမ်ဇရပ်အမြောက်တပ်ကနေ လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းနဲ့ ပျဉ်းကတိုးကျေရွာတွေအပါအဝင် ကျေးရွာ ၅ ရွာက ဒေသခံ ၄၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင်မိတ်ဖက်ရေးရာကြီးကြပ်မှုကော်မတီက ပြောပါတယ်။
KNU သထုံခရိုင်ထဲမှာတော့ ပြီးခဲ့တဲ့နိုဝင်ဘာလကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်ဘက်က လက်နက် ကြီး ပစ်ခတ်မှုကြောင့် ဒေသခံနေအိမ် ၂၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းဆရာမနဲ့ ကျောင်းသားအပါအဝင် ဒေသခံ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်