လန်ဒန်၊ ဒီဇင်ဘာ(၁၃)

ဉာဏ်ရည်တု AI စနစ်ကို အသုံးပြုပြီး တိုက်လေယာဉ်အမျိုးအစားသစ်ကို တီထွင်ဖို့ ဗြိတိန်၊ အီတလီနဲ့ ဂျပန်တို့ က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ရီရှိဆူနက်က ကြေညာလိုက်ပါတယ်။

ဒီစီမံကိန်းနဲ့အတူ ယူကေမှာ အလုပ်အကိုင် ထောင်ပေါင်းများစွာကို ဖန်တီးဖို့နဲ့ လုံခြုံရေးဆိုင်ရာ ချိတ်ဆက် မှုတွေကို ခိုင်မာစေဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့  ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

တိုင်ဖွန်းတိုက်လေယာဉ်တွေနေရာမှာ အစားထိုးအသုံးပြုမယ့် မျိုးဆက်သစ်တိုက်လေယာဉ်တွေကို ၂၀၃၀ ခုနှစ်အလယ်ပိုင်းမှာ သုံးနိုင်ဖို့ ယူကေ၊ အီတလီနဲ့ ဂျပန်နိုင်ငံတို့က ရည်ရွယ်ထားတာပါ။

Tempest လို့ နာမည်ပေးထားတဲ့ တိုက်လေယာဉ်မှာ နောက်ဆုံးပေါ်လက်နက်တွေပါ တပ်ဆင်အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ဟာ နည်းပညာအဆင့်မြင့် တိုက်လေယာဉ်တွေကို တည်ဆောက်နိုင်တဲ့ ကမ္ဘာ့နိုင်ငံ အနည်းငယ်ထဲက နိုင်ငံတစ်နိုင်ငံပါ” လို့  ဗြိတိန်ဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။

အရှိန်အဟုန်မြန်နှုန်းမြင့်သလို ကိုယ်ယောင်ပျောက်စေနိုင်တဲ့ တိုက်ခိုက်ရေးလေယာဉ်ကို ဖန်တီးဖို့ ရည်ရွယ်ချက်နဲ့ တိုက်လေယာဉ်အသစ်ကို တီထွင်ထုတ်လုပ်မှာ ဖြစ်ပါတယ်။
အဆင့်မြင့် အာရုံခံကိရိယာတွေကို အသုံးပြုထားပြီး လိုအပ်ပါက မောင်းသူမဲ့လေယာဉ်စနစ်နဲ့ ပျံသန်းနိုင်ပြီး အသံထက်မြန်တဲ့ ဒုံးကျည်တွေကို ပစ်ခတ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ထုတ်- F35 တိုက်လေယာဉ်ထုတ်လုပ်မှု ကုန်ကျစားရိတ်ကမြင့်မားလွန်းတာကြောင့် ဗြိတိန်က လည်း ဒီလိုထုတ်လုပ်ဖို့ မိတ်ဖက်နိုင်ငံတွေကို ရှာဖွေနေခဲ့တာပါ။

အီတလီ၊ ဂျပန်တို့နဲ့ ပေါင်းစည်းခြင်းဟာ သိသာထင်ရှားသော လှုပ်ရှားမှုတစ်ခုဖြစ်ပြီး ဗြိတိန်ဟာ အင်ဒို-ပစိဖိတ်ဒေသရှိ မဟာမိတ်တွေနဲ့ ပိုမိုနီးကပ်တဲ့ဆက်ဆံရေးတည်ဆောက်နေချိန်မှာ တရုတ်နိုင်ငံအတွက် စိုးရိမ်စရာ အခြေအနေတစ်ရပ် ဖြစ်လာပါတယ်။

လက်ရှိသဘောတူညီချက်အရ ဗြိတိန်ရဲ့ လုံခြုံရေးအတွက်သာမက စီးပွားရေးဆိုင်ရာ အကျိုးများစွာရရှိမှာ ဖြစ်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။  

ဗြိတိန်ဝန်ကြီးချုပ် မစ္စတာဆူနက် က “ယူနိုက်တက်ကင်းဒမ်းရဲ့ လုံခြုံရေးဟာ ဒီနေ့ရော၊ အနာဂတ် မျိုးဆက် သစ်တွေအတွက်ရော၊ ဒီအစိုးရအတွက် အမြဲတမ်း အရေးပါနေပါလိမ့်မယ်။ ဒါကြောင့် ကာကွယ်ရေး နည်းပညာ တိုးတက်မှုကို အစွန်းမရောက်စေဘဲ ငါတို့ကို အန္တရာယ်ပြုဖို့ ကြိုးပမ်းသူတွေကို အရှိန်နဲ့ တွန်းလှန်ဖို့သာ ဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။
Ref.BBC 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.