နေပြည်တော်၊ ဒီဇင်ဘာ (၁၃)
နေပြည်တော်၊ ဘောဂသီရီကားဝင်း စစ်တပ်ပိုင်တော်ဝင်ကားဂိတ်မှာ ပါဆယ်ပုံးအတွင်း ဗုံးတွေ့ရှိပြီးနောက် စစ်ကောင်စီတပ်က သထုံဒေသခံမိသားစုဝင် ၃ ဦးကို လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီကားဂိတ်ပါဆယ်ပုံးအတွင်း ဗုံးတွေ့ပြီးနောက် သထုံမြို့နယ်၊ နောက်ကုလားကျေးရွာနေ ကားလက် မှတ်အရောင်းဆိုင်ပိုင်ရှင် ခွန်ညီညီရှိန်၊ ဇနီးနဲ့ ကလေးတို့ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၁ ရက်နေ့မှာ လာရောက်ဖမ်းဆီးသွားခဲ့တာပါ။
သထုံဒေသခံတစ်ဦးကတော့ ခွန်ညီညီရှိန် ကားလက်မှတ်အရောင်းဆိုင်ကနေ တင်ပေးလိုက်တဲ့ ပါဆယ်ပုံးမှာ ဗုံး ၅ လုံးတွေ့ရှိခဲ့တယ်ဆိုပြီး စစ်ကောင်စီဘက်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးသွားတဲ့ ခွန်ညီညီရှိန်းပါ မိသားစုဝင် ၃ ဦးကိုတော့ စစ်ကောင်စီတပ်က ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဘောဂသီရိကားဝင်းက တော်ဝင်ကားဂိတ်မှာ မုန့်ပုံးတွေနဲ့ ပြုလုပ်ထားတဲ့ ဗုံး ၅ လုံးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတွေအဆိုအရ ဖမ်းဆီးခံလိုက်ရတဲ့ ခွန်ညီညီရှိန်ဟာ ကျေးရွာပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ ပြောဆိုနေကြပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီခြားအတည်မပြုနိုင်သေးပါဘူး။
သတင်း – သံလွင်တိုင်းမ်