ရန်ကုန်၊ ဒီဇင်ဘာ(၁၃)

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုနှစ်နိုဝင်ဘာလကုန်အထိ ၂၂ လတာကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူပိုင်နေအိမ်ပေါင်း ၃၈,၃၈၃လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar က ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မီးရှို့ဖျက်ဆီးခဲ့တဲ့အထဲမှာ တိုင်းရင်းသားဒေသပြည်နယ် ၇ ခု နဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့ပါဝင်ပြီး စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း ၂၇,၄၉၆ လုံးနဲ့ အများဆုံးဖြစ်ပြီး မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။

ဒါ့အပြင်မကွေးတိုင်းက နေအိမ်ပေါင်း ၇,၈၁၈ လုံးနဲ့ ဒုတိယအများဆုံးဖြစ်ပြီး ချင်းပြည်နယ်မှာတော့ နေအိမ်ပေါင်း ၁,၄၇၅ လုံးနဲ့ တတိယအများဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

Data for Myanmar ရဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းအတွင်း အခုနှစ်ဧပြီ၊ မေ၊ ဇွန်နဲ့ အောက်တိုဘာ လေးလတာမှာ နေအိမ်ပျက်စီးမှုအရေအတွက် အများဆုံးလတွေဖြစ်ပြီး နေအိမ်ပေါင်း ၁၆,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွင်း နေအိမ်ပျက်စီးမှုအများဆုံး လေးမြို့နယ်မှာ ပုလဲ၊ ခင်ဦး၊ ကန့်ဘလူနဲ့ တန့်ဆည်မြို့နယ်တို့ဖြစ်ကြပြီး တစ်မြို့နယ်စီမှာ နေအိမ်ပေါင်း ၂,၂၀၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။

ဒါ့အပြင် မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့ စစ်ကိုင်းတိုင်းမှာ ၃၂ မြို့နယ်ဟာ နေအိမ်မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကျန်တဲ့ ၅ မြို့နယ်က ခန္တီး၊ ကလေးဝ၊ လေရှီး၊ လဟယ်နဲ့ နန်းယွန်း မြို့နယ်တွေမှာ နေအိမ်မီးရှို့ဖျက်ဆီးခံရမှု ဖြစ်ပွားတာ မတွေ့ရဘူးလို့ Data for Myanmar က သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေကို ကိုးကားပြီး ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.