မော်လမြိုင် – ဒီဇင်ဘာ(၁၂)

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေးအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမှာ ပအိုဝ်း ပြည်သူတွေအနေနဲ့ PNFC နဲ့ အတူပူးပေါင်းပါဝင်ကြဖို့ ကြေညာ လိုက်ပါတယ်။

ရှမ်းပြည်နယ်မှာ ပအိုဝ်းလူမျိုးတွေက ပဒေသရာဇ်စနစ်ကို ဆန့်ကျင်ခဲ့တဲ့ (၇၃) နှစ်မြောက် အထိမ်းအမှတ်နေ့အဖြစ် PNFC ရဲ့ ကြေညာချက်မှာဖော်ပြထားတာပါ။ ပအိုဝ်းလူထုအနေနဲ့ ပအိုဝ့်းအမျိုးသားလွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်း ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့မှာ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နဲ့အတူ လက်တွဲပါဝင်ကြဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

၁၉၄၉ ခုနှစ် ဒီဇင်ဘာလ(၁၁) ရက်နေ့မှာ လက်နက်ကိုင်လမ်းစဉ်နဲ့ ပဒေသရာဇ်စနစ်ကို ဆန့်ကျင် ခဲ့ပေမယ့် ၁၉၆၂ ခုနှစ်ကစပြီး ပအိုဝ်းလူမျိုးတွေဟာ ပိုမိုဆိုးရွားတဲ့ စစ်အာဏာရှင်စနစ်နဲ့ ကြုံတွေ့ခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်ရှိနွေဦးတော်လှန်ရေးဟာ စုပေါင်းအားနဲ့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းဖို့၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့မှာ အလားအလာကောင်းတွေ တွေ့ရှိနေရတဲ့အတွက် စစ်အုပ်စုဟာ စစ်ရေးအရ ရှုံးနိမ့်မှုတွေကို ရင်ဆိုင်နေရပြီး အုပ်ချုပ်ရေး ယန္တရားကိုလည်း အပြည့်အဝ ကိုင်တွယ်နိုင်စွမ်းမရှိတော့ဘူးလို့ ဆိုထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုကို ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးစုတွေရဲ့ မုန်းတီးမှု တွေဟာ အထွတ်အထိပ်ကို ရောက်ရှိနေပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၁၁) ရက်နေ့က ကျင်းပခဲ့တဲ့ ပအိုဝ်းအမျိုးသားညီလာခံမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဖွဲ့စည်းပြီး (၁) နှစ်တာအတွင်း လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်အပါအဝင် နွေဦးတော်လှန်ရေးမှာ နည်းပေါင်းစုံနဲ့ ပူးပေါင်း ပါဝင်နေတယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PNFC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.