သထုံ၊ ဒီဇင်ဘာ (၁၁)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင်ထဲမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာကြောင့် ဒေသခံနေအိမ် ၂၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ် BGF တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကစပြီး KNU သထုံခရိုင်ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ကျိုက်ထို၊ သထုံ၊ ဘီးလင်းနဲ့ ဘားအံမြို့နယ်တို့ကကျေးရွာတွေထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည်ထိမှန်တာကြောင့် ဒေသခံနေအိမ် ၂၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သလို ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ်ထဲက ဒေသခံ ၄၀၀၀ ကျော်ဟာ ဘေးလွတ်ရာနေရာတွေနဲ့ နီးစပ်ဆွေမျိုးနေအိမ်တွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာစစ်ကောင်စီတပ်ဟာ ကျိုက်ထိုနဲ့ဘီးလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေတာ ဖြစ်ပါတယ်။

KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်ထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲ မကြာခ ဏဆိုသလို ဆက်လက်ဖြစ်ပွားနေတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.