ရန်ကုန်၊ ဒီဇင်ဘာ (၁၁)
အမေရိကန်အောက်လွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ အမေရိကန်အမျိုးသားကာကွယ်ရေးအက်ဥပ ဒေ (NDAA) မှာပါတဲ့ မြန်မာနိုင်ငံဆိုင်ရာဥပဒေ (Burma Act) ဟာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် တိုးတက်မှုဖြစ်တယ်လို့ ဝါရင့်နိုင်ငံရေးသမားနဲ့ လေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။
အဲဒီဥပဒေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ အတည်ပြုလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာဥပဒေ (Burma Act) ပါ အချက်အလက်အားလုံးကို အမေရိကန် အမျိုးသားကာကွယ်ရေးအက်ဥပဒေ(NDAA) မှာ ထည့်သွင်းပြဌာန်းခဲ့တာပါ။
အဲဒီထဲမှာဆိုရင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသာလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်း EAOs တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့အတွက် စစ်လက်နက်မဟုတ်တဲ့ နည်းပညာအကူအညီတွေကို ထောက်ပံ့ပေးဖို့ ပါဝင်ပါတယ်။
ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ ဒီဥပဒေကိုအတည်ပြုလိုက်ရင် တော်လှန်ရေးအတွက် တိုး တက်မှုဖြစ်ပြီး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ EAOs ၊ PDF တွေကို အမေရိကန်အနေနဲ့ အသိအမှတ်ပြုရာ ရောက်တယ်လို့ သုံးသပ်ပါတယ်။
“ထူးခြားတာက EAOs တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေကို စစ်လက်နက်မဟုတ်တဲ့ နည်းပညာအထောက်အကူပေးမယ်ဆိုတာကတော့ ပိုပြီးတော့ အရှေ့ကို ခြေတစ်လှမ်းတက်လိုက်တာပေါ့၊ အဲဒီအဖွဲ့အစည်းတွေကိုလည်း သူတို့ဘက်က (အမေရိကန်) အသိအမှတ်ပြုရာ ရောက်သွားတာပေါ့၊ စစ်ကောင်စီဘက်က PDF တွေကို အကြမ်းဖက်အဖွဲ့အစည်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တရားမဝင်အဖွဲ့အစည်းလို့ သတ်မှတ်ထားရာကနေ အမေရိကန်က အဲဒါတွေကို ပယ်ဖျက်ပြီး သူတို့ကိုယ်၌က ဒီအဖွဲ့အစည်းတွေကို အသိအမှတ်ပြုတယ်၊ အထောက်အကူပြုတယ်ဆိုတဲ့ အခြေအနေကတော့ တော်တော့်ကို ထူးခြားလာတာပေါ့၊ အဲဒါ တိုးတက်မှုလို့ ပြောလို့ရတယ်။”လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ အကူအညီပေးရေးကိစ္စတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်သူတွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အရပ်ဘက်အုပ်ချုပ်ရေးကို ပြန်လည်ထူထောင်ဖို့ အားပေးတဲ့ စစ်တပ်ကတပ်ဖွဲ့ဝင်ဟောင်း CDMပြုလုပ်သူတွေနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကိုလည်း ကူညီဖို့ ထည့်သွင်းထားတာပါ။
နိုင်ငံရေးလေ့လာသုံးသပ် ဦးသန်းစိုးနိုင်ကလည်း Burma Act ဥပဒေဟာ NUG အနေနဲ့ လာမယ့်နှစ်မှာ နွေဦးတော်လှန်ရေးအတွက် ပြန်လှန်ထိုးစစ်တွေလုပ်နိုင်ဖို့ လက်နက်အထောက်အပံ့မရရင်တောင် ငွေကြေးအထောက်အပံ့ရမယ်ဆိုရင် အကျိုးရှိတယ်လို့ ပြောပါတယ်။
“နွေဦးတော်လှန်ရေးမှာ လိုအပ်နေတာက လက်နက်နဲ့ ငွေပဲဖြစ်ပါတယ်၊ လက်နက်မပေးရင်တောင် နည်းပညာပေးမယ်၊ ငွေကြေးကူညီပေးမယ်ဆိုတော့ ဒါဟာ နွေဦးတော်လှန်ရေးအတွက် ကောင်းမွန်တဲ့ အကျိုးရှိတဲ့ ထောက်ခံမှုပါဘဲ၊ အခုက နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး ၂၀၂၃ ခုနှစ်မှာ ပြန်လှန်ထိုးစစ်တွေလုပ်နိုင်အောင် NUG ကလည်း ကြိုးစားနေတဲ့အချိန်အခါဖြစ်ပါတယ်၊ အဲဒီလို အချိန်အခါမျိုးမှာ ဒီဥပဒေကလည်း လှုပ်ရှားသက်ဝင်လာမယ်ဆိုလို့ရှိရင် ၂၀၂၃ ခုနှစ်မှာ NUG ဦးဆောင်တဲ့ နွေဦးတော်လှန်ရေးထိုးစစ်အတွက် အကျိုးရှိတဲ့အချက်တွေ အမေရိကန်ကဖန်တီးပေးတယ်ဆိုတာ တွေ့ရပါတယ်” လို့ သူက ဆိုပါတယ်။
အမေရိကန် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (NDAA) မှာပါတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥပဒေ (Burma Act) မှာဆိုရင် ရုရှားနဲ့တရုတ်နိုင်ငံက စစ်တပ်ကို ထောက်ပံ့ကူညီမှုနဲ့ အကာအကွယ်ပေးမှုတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လုပ်ဆောင်နေတဲ့ စစ်ကောင်စီနဲ့အပေါင်းအပါတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့နဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ ဒဏ်ခတ်အရေးယူဖို့ စစ်ကောင်စီအတွက် အဓိကဝင်ငွေရပေါက်ဖြစ်တဲ့ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ကိုပါ အရေးယူဖို့ တိုက်တွန်းထားပါတယ်။
နိုင်ငံရေးလေ့သာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးမှုမှာ non-Lethal (မသေစေတဲ့အရာ) ပါတာကြောင့် တော်လှန်ရေးအတွက် မျှော်လင့်လို့မရဘဲ ဒဏ်ခတ်မှုတွေကို တိုက်ရိုက်အရေးယူခံရသူတွေအနေနဲ့ စစ်မှန်တဲ့ပြောင်းလဲမှုတွေရောက်ဖို့ စောင့်ကြည့်ဖို့လိုမယ်လို့ ထောက်ပြပါတယ်။
“အကျိုးရလဒ်အနေနဲ့ ဒီလိုမျိုး Sanction (ဒဏ်ခတ်ပိတ်ဆို့မှု) လုပ်ခံရတယ်၊ ဒါမှမဟုတ် အဲဒီလို တိုက်ရိုက်အရေးယူခံရတဲ့ လူတွေအနေနဲ့ သူတို့ဘာသူတို့ အသိတရားရပြီး မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေ ကောင်းကျိုးအတွက် ဘယ်လိုဆက်လုပ်လို့ ရမယ်ဆိုတဲ့ စဉ်းစားမှုတွေ သူတို့အချင်းချင်းကြားထဲမှာ ပြောဆိုဆွေးနွေးမှုတွေ ကျယ်ပြန့်လာမလား၊ အဲဒီလို ကျယ်ပြန့်လာပြီး တကယ်စစ်မှန်တဲ့ပြောင်းလဲမှုကို အကောင်အထည်ဖော်ဖို့အတွက် လူတွေဘယ်လောက်အထိ စိတ်ဝင်စားလာကြမလဲဆိုတာ စောင့်ကြည့်ဖို့ လိုဦးမယ်လို့ မြင်ပါတယ်”လို့ သူက ဆိုပါတယ်။
အမေရိကန် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (NDAA)ဟာ မြန်မာနိုင်ငံကို သင့်လျော်တဲ့ အကူအညီတွေပေးဖို့ ပါဝင်တဲ့အတွက် အမေရိကန်အစိုးရရဲ့ ၂၀၂၃ ကနေ ၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုရန်ပုံငွေတွေကို ချမှတ်ပေးရမှာဖြစ်ပါတယ်။
အဲဒီလို ချမှတ်နိုင်ဖို့အတွက် အမေရိကန်အထက်လွှတ်တော်ကနေ NDAA မှာပါတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥပဒေ (Burma Act) ကို ထပ်မံအတည်ပြုလိုက်ရင် သမ္မတဂျိုးဘိုင်ဒန် လက်မှတ်ထိုးတာနဲ့ စတင် အကောင်အထည်ဖော်ခွင့်ရမှာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်