မော်လမြိုင်၊ ဒီဇင်ဘာ (၁၁)

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာကျရောက်မယ့် ၁၁ ကြိမ်မြောက် မွန်လူငယ်နေ့ကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ၊ ထားဝယ်ခရိုင်၊ ဝယ်ဇင်းကျေးရွာမှာ ကျင်းပမှာဖြစ်တဲ့အတွက် ရေးမြို့နယ်အတွင်းရှိ လက်နက်ကိုင်တပ်အချင်းချင်း မပစ်ခတ်ကြဖို့ မွန်လူငယ်ဆုံရပ်က တောင်းခံစာထုတ်ပြန်ပါတယ်။

မွန်လူငယ်ဆုံရပ်တာဝန်ရှိသူတွေနဲ့ ရေးမြို့နယ်အတွင်းရှိ လူငယ်အဖွဲ့အသီးသီးတို့ဟာ ၁၁ ကြိမ်မြောက် မွန်လူငယ်နေ့ ကောင်းကောင်းမွန်မွန်ဖြစ်မြောက်ဖို့အတွက် ဝယ်ဇင်းအဝင်လမ်းကိုဖြစ်စေ၊ ရေးမြို့ပေါ်နဲ့ ရေးမြို့နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းဖြစ်စေအဓိက ဝင်ထွက်သွားလာနေရတာလို့ ဆိုပါတယ်။

ဒါကြောင့် လူမှုရေးအရထောက်ရှုတဲ့အနေနဲ့ ရေးမြို့နယ်တစ်ဝိုက်မှာရှိနေတဲ့ လက်နက်ကိုင်အချင်းချင်း မပစ်ခတ်ကြဖို့နဲ့ မွန်လူငယ်တို့ရဲ့ လုံခြုံရေးကိုရှေးရှုပေးကြဖို့ မွန်လူငယ်ဆုံရပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့မှာ တောင်းခံစာထုတ်ပြန်ထားတာပါ။

မွန်လူငယ်ဆုံရပ်ပြောခွင့်ရ နိုင်မြင့်စိုးကတော့ အခုတောင်းခံစာဟာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတပ်ဖွဲ့တို့ကြား ထိုးစစ်ဆင်နိုင်တဲ့ အခြေအနေရှိနိုင်တဲ့အတွက် လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖက်စလုံးကို ရည်ရွယ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေးမြို့နယ်အတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဟာ မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာတွေလည်း ရှိနေတာပါ။

၂၀၁၂ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တဲ့ မွန်လူငယ်နေ့ဟာ နိုင်ငံရေးအခြေအနေကြောင့် အခုနှစ်မှာတော့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေမှာကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

မွန်လူငယ်နေ့ဟာ မွန်လူမျိုးတွေရဲ့ အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ခေါင်းဆောင်တွေကို ဂါရဝပြုဖို့၊ မွန်လူငယ်အချင်းချင်းကြားမှာ အပြန်အလှန် ချစ်ခင်ရင်းနှီးမှုတွေတိုးပွားလာဖို့ဆိုတဲ့ ရည် ရွယ်ချက်တွေနဲ့ ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရေးမြို့နယ်မှာ မြို့ခံလူငယ်တွေအပါအဝင် မွန်နဲ့အခြားသော တိုင်းရင်းသားလူငယ်တွေစုဖွဲ့ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် လက်နက်ကိုင် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းခဲ့ကြတာပါ။

လူငယ်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အဓိကပစ်မှတ်ထား ဖမ်းဆီးခံရမှု အများဆုံးဖြစ်နေပြီး မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်နီးပါးအတွင်း အသက် ၁၈ နှစ်ကနေ ၃၀ အတွင်း လူငယ် ၁၀၀ ကျော် ဒီကနေ့အထိ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.