မော်လမြိုင်၊ ဒီဇင်ဘာ(၁၁)
မော်လမြိုင်-ရန်ကုန်သွားတဲ့ ရထားလက်မှတ်တွေကို စစ်ကောင်စီလက်အောက်ခံ မီးရထားရဲတွေနဲ့ မြန်မာ့ မီးရထားဝန်ထမ်းတွေက သတ်မှတ်နှုန်းထားထက် ၃ ဆဈေးတင်ပြီး မှောင်ခိုရောင်းချနေတာတွေ လုပ်ဆောင်နေတယ်လို့ ခရီးသွားပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရထားလက်မှတ်တွေဟာ မော်လမြိုင်-ရန်ကုန် အထူးတန်းလက်မှတ်တစ်စောင်ကို ၇၀၅၀ ကျပ် ဆိုပြီး တရားဝင်သတ်မှတ်ထားပေမယ့် မှောင်ခိုဈေးကွက်မှာတော့ ကျပ် ၂၀၀၀၀ အထိပေးဆောင်နေရသလို ရိုးရိုးတန်းလက်မှတ်ခကလည်း ကျပ် ၃၅၅၀ ကို ၇၅၀၀ ကျပ်ထိပေးဆောင်နေရတာပါ။
ခရီးသွားပြည်သူတွေဟာ ကားလမ်းခရီးနဲ့သွားပါက ညောင်ခါးရှည် X-ray စစ်ဆေးရေးဂိတ်မှာ ကြန့် ကြာမှုရှိတဲ့အတွက် ရထားနဲ့သွားလာမှုများလာပြီး လက်မှတ်ဝယ်ယူတဲ့နေရာမှာလည်း အလွယ်တကူ ဝယ်ယူလို့ မရတာကြောင့် ဈေးကြီးပေးဝယ်ယူနေရတယ်လို့ ခရီးသွားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင်ရထားလက်မှတ်တန်းစီ ဝယ်ယူတဲ့နေရာမှာလည်း ရိုးရိုးတန်းလောက်သာ ဝယ်ယူလို့ရပေမယ့် အထူးတန်းတွေကိုတော့ ကုန်သွားပြီးဆိုကာ ဘူတာတွေက ရောင်းချပေးတာမရှိသလို အပြင်မှာတော့ စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းတွေက မှောင်ခိုဈေးကွက်အနေနဲ့ ရောင်းဝယ်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ရထားလက်မှတ်တွေကို မီးရထားရဲတွေနဲ့ မီးရထားဝန်ထမ်းတွေက မှောင်ခိုရောင်းချတာတွေ ပြုလုပ်နေသလို ရထား လက်မှတ်တွေကို (၃)ရက် ကြိုတင် ရောင်းချပေးတယ်လို့ဆိုပေမယ့် လက်တွေ့မှာတော့ အလွယ်တကူ ဝယ်ယူလို့ မရတာကြောင့် အခက်ကြုံနေရတယ်လို့ ခရီးသွားပြည်သူတစ်ဦးက ပြောပါတယ်။
“အဲဒီ ရထားဂိတ်သွားလိုက်ရင် ပွဲစားတွေရှိတယ်။ ရထားရဲတွေ ရှိတယ်။ အဲဒီမှာ မေးပြီးဝယ်ယုံပဲ။ ရထားလက်မှတ်စစ်တွေ သူတို့ရုံပိုင်တွေ ဘာတွေ အဲဒီလိုပေါ့။ အပြင်လက်မှတ်ကို (၂၀၀၀၀)ပေးခဲ့ရတယ်။ (၃)ရက် ကြိုရောင်းတဲ့နေရာမှာ ဘယ်လို အခက်အခဲရှိလည်းဆိုတော့ ဝယ်လို့မရဘူးလေ။ လက်မှတ်ကအစောင် (၆၀)ပဲ ပေးတယ်။ (၃)ရက်ကြိုစောင့်တာတောင် မရဘူး လက်မှတ်က။ အဓိကအဲဒီက ရဲတွေရောင်းနေတာပဲ”လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေဟာ ရထားလက်မှတ် မှောင်ခိုရောင်းချတဲ့ နေရာမှာ ရက်ကြိုလက်မှတ်တွေကို ဈေးနှုန်းတစ်မျိုးနဲ့ ရောင်းချတာတွေ ရှိသလို နေ့ချင်းသွားချင်တဲ့သူတွေကိုတော့ ကြိုက်ဈေးတောင်းကာ ရောင်းချတာတွေရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီ လက်အောက်ခံ မြန်မာ့မီးရထားဌာနကတော့ မော်လမြိုင်-ရန်ကုန် ရထားလက်မှတ်တွေကို အထူးတန်းအနေနဲ့ (၃)ရက်ကြိုတင် ရောင်းချပေးနေသလို ရိုးရိုးတန်းကိုတော့ (၁)ရက် ကြိုတင်ကာ နေ့စဉ် နံနက်(၇)နာရီကနေ နေ့လယ် (၃)နာရီထိ ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မော်လမြိုင်-ရန်ကုန် လေအိတ်အထူးရထားခရီးကို နေ့စဉ် နံနက် (၉)နာရီမှာ တစ်ကြိမ်သာပြေးဆွဲရာကနေ လာမယ့်ဒီဇင်ဘာလ (၁၂) ရက်နေ့စပြီး ညစဉ် ည(၈)နာရီခရီးစဉ်ကိုပါ တိုးချဲ့ ပြေးဆွဲပေးသွားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ မြန်မာ့မီးရထားဌာနက ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်