မော်လမြိုင် – ဒီဇင်ဘာ(၉)

အာဏာသိမ်းစစ်ကောင်စီကို တိုက်ထုတ်နိုင်ရေးမှာ ကာကွယ်ရေးနဲ့ လုံခြုံရေးဆောင်ရွက်နေတဲ့ ပ.က.ဖ၊PDF နဲ့ LPDF တွေ ရပ်တည်နိုင်ဖို့အတွက် ရန်ပုံငွေထောက်ပံ့မှုအပိုင်းက အရေးကြီး တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၄၀/၂၀၂၂) မှာ အခုလိုပြောခဲ့တာပါ။ စစ်ကောင်စီရဲ့ အကြမ်းဖက်မှု ခြိမ်းခြောက်မှုနဲ့ မတရားဖမ်းဆီးနှိပ်စက် အနိုင်ကျင့်မှု အန္တရာယ် အမျိုးမျိုးကို ရင်ဆိုင်နေရတဲ့ နိုင်ငံသူနိုင်ငံသားတွေကို လုံခြုံမှု၊ကာကွယ်စောင့်ရှောက်မှုတွေ ဖန်တီးပေးနိုင်ဖို့ လုပ်ဆောင်ရမယ်လို့ NUG ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

ဒါ့အပြင် ပြိုလဲပျက်စီးနေပြီဖြစ်တဲ့ အုပ်ချုပ်ရေး၊လုံခြုံရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု ယန္တရားတွေ ပြန်လည်ထူထောင်ဖို့အတွက် ဗဟိုကော်မတီအနေနဲ့ မြေပြင်နဲ့ တိုက်ရိုက်ချိတ်ဆက်နေတဲ့ အစည်းအဝေးတွေ၊တိုင်းရင်းသားအတိုင်ပင်ခံကောင်စီတွေနဲ့ ပုံမှန်တွေ့ဆုံမှုတွေ ၊လွှတ်တော် ကိုယ်စားပြု ကော်မတီတွေနဲ့ ပုံမှန်တွေ့ဆုံမှုတွေကို လုပ်ဆောင်နေပြီး ဝန်ကြီးဌာနတွေအနေနဲ့ အင်ပြည့်အားပြည့်ပါဝင်ဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့အတူ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ပြည်ထဲရေးနဲ့ လူဝင်မှု ကြီး ကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ ဒုတိယဝန်ကြီးတွေ အမြဲတမ်းအတွင်းဝန်နဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ NUG က စစ်တိုင်းတွေသတ်မှတ်ထားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို စနစ်တကျဖွဲ့စည်းထားကာ မြေပြင်တိုက်ပွဲတွေမှာ ပါဝင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.