မော်လမြိုင်၊ ဒီဇင်ဘာ(၉)

လူမှုကွန်ရက်စာမျက်နှာတွေမှာ NUG၊ CRPH နဲ့ PDF ထောက်ခံကြောင်း ရေးသားသူတွေကို အခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလကုန်အထိ ဖမ်းဆီးအရေးယူမှုပေါင်း (၈၁၇)မှု ရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာ ဖော်ပြနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ကစလို့ စစ်ကောင်စီက လူမှုကွန်ရက်မှတစ်ဆင့် စောင့်ကြည့်ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ဖေ့စ်ဘွတ်ခ်အကောင့်၊ ဖေ့စ်ဘွတ်ခ် Group၊ ဖေ့စ်ဘွတ်ခ် Page နဲ့ Tik Tok အကောင့် စုစုပေါင်း ၈၀၆ ခုကနေ အတိုက်ခံထောက်ခံကြောင်း ရေးသားသူ ၈၁၇ ဦးကို အရေးယူခဲ့တယ်လို့ စစ်ကောင်စီဘက်က တစ်သုတ်ပြီးတစ်သုတ် နာမည်ထုတ်ပြန်ပြီး ဖမ်းဆီးခဲ့တာပါ။

ဒီလိုအရေးယူမှုတွေပြုနေတာဟာ စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေကို ယိုင်နဲ့စေဖို့ရည်ရွယ် ချက်နဲ့ လုပ်ဆောင်နေတာဖြစ်ပြီး နည်းမျိုးစုံနဲ့ ဖမ်းဆီးထောင်ချတာတွေ၊ နှစ်ရှည်ထောင်ဒဏ်ချမှတ်တာတွေအထိပါ လုပ်ဆောင်နေတာပါ။

စစ်ကောင်စီကတော့ NUG၊ CRPH တို့နဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်တွေကို မသိလို့ဖြစ်စေ၊ သိလျက်နဲ့ဖြစ်စေ အားပေးလှုံ့ဆော်ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၂ (က)၊ ရာဇသတ်ကြီး ပုဒ်မ -၁၂၄ (က) ၊ ပုဒ်မ-၅၀၅ (က)၊ အီလက်ထရွန်နစ် ဆက်သွယ်ရေးပုဒ်မ- ၃၃ (က) အပါအဝင် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့ကထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေကို ထောက်ခံသူတွေဟာ အဖမ်းခံရရုံသာမကနေအိမ်နဲ့တခြားသော ပိုင်ဆိုင်မှုတွေကိုပါ သိမ်းယူမယ်လို့လည်း သတိပေးထားပါတယ်။စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးကတည်းက လူ့အခွင့်အရေးကိုထင်သလိုချိုးဖောက်ပြီး အရေးယူနေတာကြောင့် ဖမ်းဆီးမခံရသေးသူတွေအနေနဲ့လည်း တစ်ချိန်ချိန်မှာ ဖမ်းဆီးခံရလာနိုင်တယ်ဆိုတာကို သတိပြုပြီး တော်လှန်ရေးအတွက် အချိန်ပေးလုပ်ဆောင်သင့်တယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။တစ်ဖက်မှာလည်း စစ်ကောင်စီဟာ အင်တာနက်အသုံးပြုမှုကို ကျော်လွှားနိုင်တဲ့ VPN (Virtual Private Network) နည်းပညာကို ခွင့်ပြုချက်မရှိဘဲသုံးရင် ထောင်ဒဏ်သုံးနှစ်ထိချမှတ်နိုင်တဲ့ ဆိုက်ဘာလုံခြုံ ရေးဥပဒေကိုပါ ရေးဆွဲပြင်ဆင်နေတာပါ။

နိုင်ငံတဝန်းမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူ ၁၆၀၀၀ ကျော် ဖမ်းဆီးခံထားရပြီး အဲဒီထဲက ၁၇၀၀ နီးပါးကို စစ်ကောင်စီက ထောင်ဒဏ်ပြစ်ဒဏ်အသီးသီး ချမှတ်ထားတယ်လို့ နိုင်ငံရေးအ ကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.