မယ်ဝယ်ဇင်၊ ဒီဇင်ဘာ(၉)

လာမယ့်ဒီဇင်ဘာ ၂၈ ရက်နေ့မှာကျရောက်တဲ့ ၁၁ ကြိမ်မြောက်မွန်လူငယ်နေ့အခမ်းအနားကို မွန်ပြည်သစ်ပါတီ(NMSP) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ထားဝယ်ခရိုင်၊ ဝယ်ဇင်ဒေသမှာ ကျင်းပသွားမယ်လို့ မွန်လူငယ်ဆုံရပ် (MYF) က သံလွင်တိုင်းမ်ကို ပြောပါတယ်။

၂၀၁၂ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တဲ့ မွန်လူငယ်နေ့ဟာ အခုနှစ်ဆိုရင် ၁၁ ကြိမ်ပြည့်မြောက်တော့မှာဖြစ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေကြောင့် အခုနှစ်မှာတော့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေမှာ ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဒီနှစ်မှာကျရောက်မယ့် မွန်လူငယ်နေ့ကို မွန်ပြည်သစ်ပါတီ(NMSP) အနေနဲ့ တတ်နိုင်တဲ့ဘက်က လုံခြုံရေးအင်အားပေးမယ်လို့ မျှော်လင့်တဲ့အတွက် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ဝယ်ဇင်ဒေသမှာကျင်းပဖို့ ရွေးချယ်ဖြစ်တာလို့ မွန်လူငယ်ဆုံရပ် (MYF) ပြောခွင့်ရ နိုင်မြင့်စိုးကပြောပါတယ်။

မွန်လူငယ်နေ့ကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှာ ကျင်းပသွားမှာဖြစ်တဲ့အတွက် ကွင်းပြင်မှာပဲ အခမ်းအနားတွေဆောက်လုပ်ပြီး လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားကာ ဖိတ်ကြားသင့်တဲ့အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေကိုလည်း ဖိတ်ကြားသွားဖို့ စီစဉ်ထားပါတယ်။

ဒါ့အပြင် လမ်းခရီးအကွာအဝေးပေါ်မူတည်ပြီး ပြည်နယ်အတွင်းရှိ မွန်လူငယ်တွေနဲ့ အခြားသောဒေသရှိ မွန်လူငယ်တွေကိုလည်း ဖိတ်ကြားသွားဖို့ရှိပြီး အရေအတွက်အားဖြင့် တိတိကျကျ ကန့်သတ်ထားတာ မရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ ၉ ကြိမ်မြောက် မွန်လူငယ်နေ့မှာတော့ အသက် (၁၈) နှစ်ပြည့်ပြီးဖြစ်တဲ့ မွန်လူငယ်တွေ စစ်ပညာသင်ကြားပြီး မွန်ပြည်သစ်ပါတီမှာ စစ်မှုထမ်းကြဖို့ ကျင်းပရေးကော်မတီက တိုက်တွန်းထုတ်ပြန်ခဲ့တာပါ။

မွန်လူငယ်နေ့ဟာ မွန်လူမျိုးတွေရဲ့ အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ခေါင်းဆောင်တွေကို ဂါရဝပြုဖို့၊ မွန်လူငယ်အချင်းချင်းကြားမှာ အပြန်အလှန် ချစ်ခင်ရင်းနှီးမှုတွေတိုးပွားလာဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၀ ကြိမ်မြောက် မွန်လူငယ်နေ့ အခမ်းအနားကိုတော့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရာမညရဌမှာ ကျင်းပပြုလုပ်ခဲ့တာပါ။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.