ဘန်ကောက် – ဒီဇင်ဘာ(၉) 

ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲကို လာမယ်နှစ် မေလမတိုင်ခင် ကျင်းပသွားဖို့ ရှိချိန်မှာ လက်ရှိဝန်ကြီချုပ်ဖြစ်သူ ပရရွတ်ချန်အိုချာက သူ့ကို ပါလီမန်က ထောက်ခံရင် နောက်ထပ်(၂) နှစ် ဝန်ကြီးချုပ်ဆက်လုပ်ဖို့ သင့်ရှိတယ်လို့ ပြောခဲ့ပါတယ်။ 

ထိုင်းဝန်ကြီးချုပ် ရဲ့ သက်တမ်းကို ဥပဒေကြောင်းအရ မေးခွန်းထုတ်ခံခဲ့ရတဲ့ အဖြစ်အပျက် ပြီးနောက် ဒီမှတ်ချက်ထွက်ပေါ်လာတာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်အရ ဆိုရင် သူဟာ ၂၀၂၅ ခုနှစ်အထိ ရုံးထိုင်နိုင်တယ်လို့ ဆိုခဲ့တာပါ။ 

ဝန်ကြီးချုပ်ရာထူးကို ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေစတင်အတည်ပြုခဲ့တဲ့ ၂၀၁၇ ခုနှစ် က သက်တမ်းစတင်တယ်လို့ ဆုံးဖြတ်ပြီးနောက် ဒီဆုံးဖြတ်ချက်အရ ပရရွတ်အနေနဲ့ ရွေးကောက်ပွဲ မှာ ထပ်မံအနိုင်ရရှိရင် ၂၀၂၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်က အထွေထွေရွေးကောက်ပွဲကို လာမယ်နှစ် မေလ(၇) ရက်နေ့ မှာကျင်းပမှာဖြစ်ပြီး လက်ရှိအောက်လွှတ်တော်အမတ်တွေရဲ့ သက်တမ်းကလည်း မတ်လ (၂၃) ရက်နေ့မှာ ဖြစ်ကုန်မှာဖြစ်တယ်လို့ သိရပါတယ်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၀၂ အရ အောက်လွှတ်တော် သက်တမ်းပြီးဆုံးပြီးနောက် (၄၅) ရက်အတွင်း အထွေထွေရွေးကောက်ပွဲကျင်းရမှာပါ။ 

ရွေးကောက်ပွဲကော်မရှင်က အသစ်ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေတွေမှာ အုပ်ချုပ်မှု ကဏ္ဍမှာ ဝင်ရောက်ပူးပေါင်းနိုင်ဖို့အတွက် ပါတီတွေဖွဲ့စည်းနိုင်တယ်လို့ နိုင်ငံရေးသမားတွေကို မက်လုံးပေးထားပါတယ်။ 

 လာမယ့်ရွေးကောက်ပွဲမှာ ပုံမှန်ပါတီတွေအပြင် ပါတီအသစ်တွေဖြစ်တဲ့ Building Thailand’s Future ပါတီ၊ Uniting Thais to Build the Nation ပါတီ၊ Loyal Thai ပါတီ၊ Thais Build Thais ပါတီနဲ့ Opportunity Thai ပါတီတို့ ပါဝင်လာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ 

ဒါပေမယ့် အဲဲဒီပါတီတွေဟာ မဲဆန္ဒရှင်တွေနဲ့ မိတ်ဆက်ထားတာမရှိသလို သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို လည်း အသိပေးထားတာမရှိပါဘူး။ 

လေ့လာစောင့်ကြည့်သူတွေကတော့ ဝန်ကြီးချုပ် ပရရွတ်ချန်အိုချာရဲ့ စစ်တပ်နောက်ခံပြုထားတဲ့ အစိုးရကို ထောက်ခံဖို့နဲ့ ဆန့်ကျင်ဖို့ ဖွဲ့စည်းထားတဲ့ ပါတီတွေဖြစ်လို့ ထိုင်းနိုင်ငံရေးအတွက် အပြောင်းအလဲဖြစ်မှာမဟုတ်ဘူးလို့ ဆိုထားကြပါတယ်။ 

ဗိုလ်ချုပ်ကြီး ပရရွတ်ကို ပြီးခဲ့တဲ့ ၂၀၁၉ ရွေးကောက်ပွဲပြီးနောက် ပါလီမန်ကနေ ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခဲ့တာဖြစ်ပြီး သူဟာ ထိုင်းနိုင်ငံရဲ့ ကာလကြာရှည်တာဝန်ထမ်းဆောင်ဖူးတဲ့ ဝန်ကြီးချုပ်တစ်ဦးဖြစ်ပါတယ်။ 

Ref:Bangkok post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.