ဒီးမော့ဆို၊ ဒီဇင်ဘာ(၉)

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်လာတာကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

စစ်ရှောင်စခန်းတွေဟာ စစ်ကောင်စီဘက်က စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်ပိတ်ဆို့ထားတာ၊ နှစ်ဖက်တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် ရိက္ခာပြတ်လပ်မှုနဲ့ ကြုံလာရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာတော့ လူဦးရေ ၁,၀၀၀ ကျော်ရှိတဲ့ ဆီးသူးတော်စစ်ရှောင်စခန်းမှာဆိုရင် ရိက္ခာပြတ်လပ်တာကြောင့် အရေးပေါ်ရိက္ခာတွေ ထုတ်သုံးနေပြီး မကြာမီကာလအတွင်း ရိက္ခာလုံးဝပြတ်လပ်လာနိုင်တယ်လို့ ဆိုပါတယ်။

စစ်ရှောင်စခန်းတွေမှာ ရိက္ခာပြတ်လပ်မှုလာတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ရှောင်အရေးကူညီနေသူ တစ်ဦးက အခုလိုပဲပြောပါတယ်။

” ဆီးသူးတော်စခန်းတင်မကဘူး။ တခြားတော်တော်များများမှာလည်း ရိက္ခာတွေပြတ်နေကြတာ။ ဘာလို့ဆိုအလှူရှင်တအားနည်းပါးတာရယ်၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းခက်ခဲတာရယ်၊ ဒီစခန်းတင်မကဘူး၊ တခြားဒီမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတော်တော်များများပေါ့” လို့ဆိုပါတယ်။

စစ်ရှောင်စခန်းတွေကို အလှူရှင်တွေမရောက်တာ သုံးလကျော်ပြီဖြစ်သလို နိုင်ငံတကာရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်းမရကြဘူးလို့ သူကဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေထံ နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် စိုးရိမ်ကြောက်ရွံ့မှုတွေ နေထိုင်နေရတာပါ။

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် ဆေးဝါးမလုံလောက်တဲ့အတွက် သေဆုံးတာတွေလည်း ရှိနေတာပါ။

ကယားပြည်နယ်ထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ၂ သိန်းကျော်ဟာ ဒီမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ လာရောက်ခိုလှုံနေရတာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.