ထားဝယ်၊ ဒီဇင်ဘာ(၉)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောဒေသ၊ ဝကုန်းကျေးရွာနဲ့အနီးဝန်းကျင်မှာ သိုလှောင်ထားတဲ့ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းခံလိုက်ရတယ်လို့ ထားဝယ်အရှေ့တော PDF တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့က စစ်ကောင်စီတပ်အင်အား ၃၀၀ လောက်ဟာ ဝကုန်းကျေးရွာအနီးပတ်ဝန်းကျင်ကို တောနင်းရှာဖွေစဉ် ထားဝယ်အရှေ့တော PDF ပူးပေါင်းတပ်ဖွဲ့ သိုလှောင်ထားတဲ့ လက်နက်ခဲယမ်းတွေ တွေ့ရှိပြီးနောက် သိမ်းဆည်းသွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က သိမ်းဆည်းသွားတဲ့ လက်နက်ခဲယမ်းတွေထဲမှာ ၆၀ မမ အလုံး ၄၀ ၊ လက်လုပ်မိုင်း အလုံး ၂၀ ကျော်၊ လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ ၉ လုံးကျည် ၁၀၀၀ တောင်နီးပါး၊ ယမ်းနဲ့ဆက်စပ်ပစ္စည်း ကာလတန်ဖိုး ကျပ်သိန်း ၁၅၀ ကျော်ဖိုးပါသွားတယ်လို့ ဆိုပါတယ်။

ထားဝယ်အရှေ့တော EDF-PDF တာဝန်ရှိသူကတော့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံလိုက်ရပေမယ့် စစ်အုပ်စု ပြုတ်ကျရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့ ဆက် လက်ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းတာပါ။

ဝကုန်းကျေးရွာနဲ့အနီးဝန်းကျင်ကို တောနင်းရှာဖွေပြီး လက်နက်ခဲယမ်းတွေ သိမ်ဆည်းသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တနင်္သာရီတိုင်း စစ်ကောင်စီဝန်ကြီးချုပ်ခရီးစဉ် လုံခြုံရေးလာယူစဉ် ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဝကုန်းကျေးရွာအတွင်းရှိ ဒေသခံနေအိမ်တွေကိုလည်း ဝင်ရောက်မွှေနှောက်ပြီးနောက် တန်ဖိုးရှိ စ္စည်းတွေအပြင် ဆန်အပါအဝင် အခြေခံစားသောက်ကုန်တွေကိုပါ ယူဆောင်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီတိုင်း စစ်ကောင်စီ ဝန်ကြီးချုပ်ဦးမြတ်ကို ခရီးစဉ်လုံခြုံရေးလာယူပေးတဲ့ စစ်ကောင်စီ စစ် ကြောင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.