ဆိုးလ်၊ ဒီဇင်ဘာ(၉)
ကုန်တင်ယာဉ်မောင်းတွေရဲ့ ဆန္ဒပြလှုပ်ရှားမှု ၁၄ ရက်မြောက်ရှိလာချိန်မှာတော့ တောင်ကိုရီးယားအစိုးရဟာ ယာဉ်မောင်းတွေကို အလုပ်ပြန်ဆင်းဖို့အတွက် အမိန့်တစ်ရပ်ထုတ်ပြန်ဖို့ စီစဉ်နေပါတယ်။
ကမ္ဘာပေါ်မှာ ဆဌမမြောက်အကြီးဆုံး ကုန်စည်တင်ပို့နိုင်တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ဝင်ငွေအာမခံအစီအစဉ်ကို သက်တမ်းတိုးပေးရေး တောင်းဆိုဆန္ဒပြနေတဲ့ ကုန်တင်ယာဉ်မောင်းတွေနဲ့ ညှိနှိုင်းမှု မအောင်မြင်ခဲ့ပါဘူး။
ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ ရေနံ၊ ဓါတုနဲ့ သံမဏိစက်ရုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်မောင်းတွေကို အလုပ်ပြန်ခန့်ထားနိုင်ဖို့အတွက် အစိုးရအဖွဲ့နဲ့ တွေ့ဆုံသွားဖို့ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့လအတွင်းကလည်း တောင်ကိုရီးယားအစိုးရအနေနဲ့ ဘိလပ်မြေစက်ရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်မောင်းတွေကို အလုပ်ပြန်ဆင်းဖို့ အမိန့်ပေးခဲ့တာပါ။
အခုလို ကုန်တင်ယာဉ်မောင်းတွေရဲ့ သပိတ်မှောက်မှုကြောင့် တောင်ကိုရီးယားရဲ့ ကုန်စည်ထောက်ပံ့ရေးကွင်းဆက်ဟာ ပထမ ၁၂ ရက်အတွင်းမှာပဲ အမေရိကန်ဒေါ်လာ ၂.၆၅ ဘီလီယမ် အထိတန်ဖိုးရှိတဲ့ ကုန် စည်တွေကို ဝန်ဆောင်မှုပေးနိုင်ဖို့ နှောင့်နှေးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်တွင်းပို့ကုန်တွေအတွက် ရေနံဓာတုပစ္စည်းတွေ ပို့ဆောင်မှုဟာ ပုံမှန်အဆင့်ထက် ၆၅ ရာခိုင်နှုန်းကို ကျဆင်းသွားခဲ့ကြောင်း သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာ(၇) ရက်နေ့က ပြောကြားခဲ့ပါတယ်။
ရေနံဓာတုကုမ္ပဏီတွေဟာ ကုန်ကြမ်းပစ္စည်းပြတ်လပ်မှုတွေ ဒါမှမဟုတ် ကုန်ကြမ်းသိုလှောင်ဖို့နေရာမရှိ တာတွေကြောင့် လာမယ့်သီတင်းပတ်ကုန်မှာ ထုတ်လုပ်မှုကို ဖြတ်တောက်ဖို့ စဉ်းစားနေကြပါတယ်။
အစိုးရက ယာဉ်မောင်းတွေကို အလုပ်ပြန်ဝင်ဖို့ ပြောကြားမှုကြောင့် ဆန္ဒပြမှုတွေကလည်း ဆက်လက်မြင့်တက်လာနေတာပါ။
လောင်စာဆီ ကုန်ကျစရိတ်တွေ မြင့်လာခြင်းကြောင့် ကုန်တင်ယာဉ်မောင်း ၂၅၀၀၀ ဟာ သူတို့ရဲ့ ယာယီလစာ အနည်းဆုံးပေးချေမှုအစီအစဉ်ကို အမြန်ဆုံးပေးချေဖို့ တောင်းဆိုနေကြပါတယ်။
သပိတ်မှောက်မှုကြောင့် ဝင်ငွေဆုံးရှုံးမှုတွေဟာ ယာဉ်မောင်းတွေအတွက် အခက်အခဲဖြစ်လာတယ်လို့ လည်း ဝေဖန်သူတွေက ပြောဆိုနေကြတာပါ။
“သပိတ်မှောက်တာ ၁၀ ရက်ကျော်သွားပြီ။ မိသားစု ငွေကြေးနဲ့ ကားအရစ်ကျသွင်းငွေတွေကြောင့် သမဂ္ဂမဟုတ်တဲ့ ယာဉ်မောင်းတချို့ အလုပ်ပြန်စနေပြီ။ ဒါက အရမ်းစိတ်ပျက်စရာ ကောင်းတယ်။ သပိတ်မှောက်တဲ့ ယာဉ်မောင်းတော်တော်များများက နောက်အပတ်အထိ ဆက်မထိန်းထားနိုင်မှာကို ကြောက်တယ်” လို့ သပိတ်မှာ ပါဝင်ခဲ့တဲ့ ကုန်တင်ယာဉ်မောင်းတစ်ဦးဖြစ်သူ လီဂရမ်ဆန်က ပြောကြားခဲ့ပါတယ်။
Ref; Reuters