မော်လမြိုင်၊ ဒီဇင်ဘာ(၉)
တရုတ်-မြန်မာနှစ်နိုင်ငံကုန်သွယ်ရေးမှာ တရုတ်ဘက်က ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်တချို့ကို ပြန်လည်ဖြေလျော့ပေးလာပေမယ့် နှစ်နိုင်ငံကုန်သွယ်မှု ပုံမှန်ပြန်မဖြစ်သေးသလို အခက်အခဲတွေရှိနေသေးတယ်လို့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တရုတ်နိုင်ငံဟာ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကစပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်တချို့ကို လုံးဝပိတ်ထားခဲ့သလို တချို့ကုန်သွယ်ရေးဂိတ်တွေမှာတော့ တင်းကျပ်တဲ့စည်းကမ်းချက်တွေ ချမှတ်ထားတာကြောင့် နှစ်နိုင်ငံကုန်သွယ်ရေး ရပ်တန့်လုနီးပါးဖြစ်ပေါ်ခဲ့တာပါ။
အခုအခါမှာတော့ တရုတ်နိုင်ငံဟာ ကုန်သွယ်ရေးမှာ ကန့်သတ်ထားတဲ့ ကိုဗစ်စည်းကမ်းချက်တချို့ကို ဒီဇင်ဘာပထမအပတ်ထဲ ပြန်လည်ဖြေလျော့ပေးလာတာ ဖြစ်ပါတယ်။
ဒါပေမယ့် အရင်လို တရုတ်ပြည်ထဲထိဝင်ရောက်ကာ ကုန်ပစ္စည်းတင်ပို့လို့ မရသေးသလို မြန်မာဘက်က ယာဉ်မောင်းတွေအနေနဲ့လည်း (၁၀၅)မိုင်ကုန်သွယ်ရေးနေရာအထိသာ မောင်းနှင်လို့ရပြီး တရုတ်ပြည်ထဲကိုတော့ သူတို့ကိုဗစ်စည်းကမ်းချက်နဲ့အညီ သက်မှတ်ထားတဲ့ယာဉ်မောင်းတွေကို အစားထိုးပြီးမှ ကုန်ပစ္စည်းတင်ပို့ခွင့်ပြုတယ်လို့ သိရပါတယ်။
တရုတ်ဘက်က ကိုဗစ်ကန့်သတ်ချက်တချို့ကို ဖြေလျော့ပေးလိုက်ပေမယ့် ကိုဗစ်မတိုင်မီက ကုန်သွယ်မှု အခြေအနေကို ပြန်မရောက်သေးသလို လက်ရှိမှာလည်း ဂိတ်တစ်ဂိတ်သာ ဖွင့်ထားတဲ့အတွက် ကျန်တဲ့ဂိတ်တွေကိုပါ ပြန်လည်ဖွင့်စေချင်တယ်လို့ နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။
“လက်ရှိက ကိုဗစ်မတိုင်မီက အခြေအနေကိုတော့ ပြန်မရောက်သေးဘူး။ကိုဗစ်မတိုင်မီက အခြေအနေက မန့်ဝိန်းဂိတ်တို့ ၊ ကျင်စန်းကျော့ဂိတ်တို့ ဂိတ်တွေက အများကြီးဖွင့်ထားတာကိုး။ အခုက ဂိတ်တစ်ဂိတ်ပဲဖွင့်တယ်။ နောက်အဲဒီဂိတ်(၅)ဂိတ် ပေါင်းလိုက်ရင် ကားတွေကတစ်နေ့ အဝင်အထွက်က အစီး (၅၀၀)၊ (၆၀၀)လောက်ရှိတယ်။ အခုဟာက ဒီဂိတ်တစ်ဂိတ်ထဲ သွားနေရတဲ့အတွက် အစီးက၁၀၀ကျော်လောက်ပဲရှိတော့ ကိုဗစ်မဖြစ်ခင် ကာလကိုမမီသေးဘူး။ နောက်ပိုင်းဟိုတုန်းကလို ရွှေလီကိုတိုက်ရိုက်ဝင်လို့ရတဲ့ မန့်ဝိန်းဂိတ်တွေပါ ဖွင့်မယ်ဆိုရင်တော့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုက ဒီထက်ပိုတိုးတက်လာမယ် ထင်တယ်။ ဒါကြောင့် တရုတ်နိုင်ငံဘက်က ပိတ်ထားတဲ့ ဝင်၊ထွက်ဂိတ်တွေကိုတော့ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပေးစေချင်တာပေါ့”လို့ ဆိုပါတယ်။
တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာတော့ နယ်စပ်ကုန်သွယ်ရေးဂိတ် (၅) ဂိတ်ရှိပေမယ့် လက်ရှိ ကျင်စန်းကျော့ဂိတ်တစ်ဂိတ်သာ ဖွင့်လှစ်ပေးထားတာကြောင့် ကုန်ပစ္စည်းတင်ပို့ရာမှာ စောင့်ဆိုင်နေရတာတွေရှိသလို တချို့သီးနှံတွေအနေနဲ့ ပုပ်ကုန်တွေဖြစ်တာကြောင့် အချိန်မီမရောက်ရှိပါက ဆုံးရှုံးနိုင်တဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။
တရုတ်ဘက်က ကိုဗစ်ကန့်သတ်ချက်တချို့ကို ဖြေလျော့လိုက်တဲ့အတွက် အရင်တစ်ရက်ကို ကားအစီးရေ (၅၀)ဝန်းကျင် ကုန်ပစ္စည်းတင်ပို့နိုင်ရာမှ လက်ရှိမှာကားအစီးရေ (၁၀၀) ဝန်းကျင်ထိ တင်ပို့လာနိုင်တယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
“အရင်ကတည်းကတော့ တစ်ရက် (၄၀) ၊(၅၀) လောက်တော့ ကုန်သွယ်မှုတော့ရှိတယ်။ အခုနည်းနည်း ဖြေလျော့တဲ့ အပိုင်းမှာတော့ တစ်ရက်အစီး(၁၀၀) ဝန်းကျင်လောက် ဖြစ်လာတယ်။ အရင်တုန်းကတော့ တစ်နာရီလောက်စစ်တယ် ကားတစ်စီးကို။ အခု ဥစ္စာက (၁၅)မိနစ်လောက်ပဲ စစ်တော့တယ်။ ဒီတော့ အရေအတွက် ပိုလာတာပေါ့။ ဂိတ်ကတော့ ပုံမှန်ကတော့ဖွင့်နေတာ။ ဒါပေမယ့် တရုတ်ပြည်လော့ဒေါင်းတွေ ဖြေလျော့တဲ့အတွက် အရောင်းအဝယ်တွေတော့ ပုံမှန်အနေအထားလေး ပြန်ဖြစ်လာတဲ့သဘောပါ” လို့ဆိုပါတယ်။
မြန်မာနိုင်ငံဟာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဇုန်ကနေ တရုတ်နိုင်ငံထဲကို ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း၊ နှမ်း၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ဖရဲ၊ သခွား၊ ရော်ဘာနဲ့ ရေထွက်ပစ္စည်းတွေကို အဓိကတင်ပို့ရောင်းချနေတာပါ။
တရုတ်ဘက်ကတော့ မြန်မာနိုင်ငံထဲကို ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်မှုပစ္စည်း၊ ဓာတ်မြေဩဇာ၊ ဆေးဝါး၊ လူသုံးကုန်၊ စားကုန်သောက်ကုန်အပြင် တခြားအထွေထွေသုံး ကုန်ပစ္စည်းတွေကို တင်သွင်းနေတာ ဖြစ်ပါတယ်။
တရုတ်-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးဟာ ကိုဗစ်ကာလမတိုင်မီက နှစ်စဉ်အမေရိကန်ဒေါ်လာသန်းနဲ့ချီ ကုန်သွယ်မှု ပြုလုပ်နေတာဖြစ်ပြီး ကိုဗစ်ကာလအတွင်းမှာတော့ တရုတ်နယ်စပ်ဘက်က ကုန်ပစ္စည်း တင်ပို့ခွင်တွေ ရပ်နာထားတာရှိသလို ကိုဗစ်ကပ်ရောဂါရဲ့ တင်းကျပ်တဲ့ကန့်သတ်ချက်တွေကြောင့် ကုန်သွယ်မှုတွေထက်ဝက်နီးပါး ကျဆင်းခဲ့တာပါ။
သတင်း- သံလွင်တိုင်းမ်