မော်လမြိုင် – ဒီဇင်ဘာ(၈)

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတို့ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးဖို့ရှိနေတယ်လို့ EAO တွေနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၇) ရက်နေ့ကဗိုလ်ချုပ်ကြီး ရာပြည့် ကိုပေးပို့ခဲ့တဲ့စာထဲမှာ EAO(၇)ဖွဲ့ရဲ့ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်း မှုကို လက်ခံခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ ရေးသားထားတာပါ။

NCA-s EAO (၇) ဖွဲ့အနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ ရည်ရွယ် ပြီး နှစ်ဖက်လက်ခံနိုင်တဲ့ ဘုံသဘောထားတွေနဲ့ သဘောတူညီချက်တွေ ရရှိနိုင်ရေး အလွတ် သဘော တွေ့ဆုံဆွေးနွေးနိုင်ဖို့ အဆိုပြုခဲ့တာဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာလ(၁၂) ရက်နေ့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ တစ်ဖက်ကို ကိုယ်စားလှယ်အနည်း ငယ်နဲ့ ကနဦးအလွတ်သဘောတွေ့ဆုံဆွေးနွေးမှုကို သိုသိပ်စွာ စတင်မှာဖြစ်ပြီး ဒီဇင်ဘာလ (၁၅-၁၇) ရက်နေ့တွေမှာ တောင်ကြီးမြို့ ဒါမှမဟုတ် မော်လမြိုင်မြို့ မှာ နှစ်ဖက်ကိုယ်စားလှယ် စုံညီစွာအလွတ်သဘောတွေ့ဆုံပြီး နှစ်ဖက်သဘောထားတွေ ညှိနှိုင်းဆွေးနွေးကြမှာဖြစ်တယ် လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့မှာ တရားဝင်ဆွေးနွေးမှုတွေ ပြုလုပ်ကာ ဆက်လက်ညှိနှိုင်းဆွေးနွေးပြီး နှစ်ဘက်လက်ခံနိုင်တဲ့ ဘုံသဘောတူညီချက်တွေကို သင့်တော်တဲ့နေရာနဲ့ အချိန်မှာ စုပေါင်း တရားဝင်လက်မှတ် ရေးထိုးတာတွေပြုလုပ်ဖို့အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ရဲ့သဘောထားကို မေးမြန်းထားပါတယ်။

စစ်ကောင်စီနဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးနိုင်ဖို့ ကြိုးပမ်းနေတဲ့ EAO (၇) ဖွဲ့ထဲမှာ မွန်ပြည်သစ်ပါတီ(NMSP) ၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ဒီမိုကရေစီ အကျိုးပြုကရင် တပ်မတော်(DKBA)၊ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ၊ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) တို့ပါဝင်ပါတယ်။

သံလွင်တိုင်းမ် အနေနဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အဆိုပြုထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေက ပြောရေးဆိုခွင့်ရှိသူတွေကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.