မော်လမြိုင်၊ ဒီဇင်ဘာ (၈)

မွန်ပြည်နယ်အထွက် ပဲခူးတိုင်းအဝင် ညောင်ခါးရှည်ရွာအနီးမှာ လုံခြုံရေးအကြောင်းပြပြီး တပ်ဆင် စစ်ဆေးနေတဲ့ X-Ray စက် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီဘက်က ဖြေလျော့မှုတချို့ လုပ်ပေးလာပေမယ့် ကြန့်ကြာမှုတွေ ရှိနေသေးတယ်လို့ ခရီးသွားတွေနဲ့ ယာဉ်မောင်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ အရင်ကမည်သည့်ယာဉ်မဆို X-Ray စက်ကို ဖြတ်သန်းပြီးမှသာ ခရီးဆက်လက် ထွက်ခွာခွင့်ပြုတာကြောင့် ယာဉ်ပိတ်ဆို့မှုတွေ ဖြစ်ပေါ်ပြီး (၁)ရက် သွားရောက်ရမယ့် ခရီးကို (၂)ရက်နီးပါးကြာ အချိန်ယူသွားလာခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ စစ်ဆေးမှုတွေကို ဖြေလျော့မှုအနေနဲ့ အိမ်စီးကားတွေကို X-Rayစက်ထဲ မဖြတ်ခိုင်းတော့ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ဆေးပြီးသွားလာခွင့်ပြုလာတာ ဖြစ်ပါတယ်။

အိမ်စီးကားတွေကို ဖြေလျော့ပေမယ့် ကုန်ကားနဲ့ ခရီသည်ကားတွေကိုတော့ ပုံမှန်အတိုင်း စစ်ဆေးနေသလို အရင်လို အချိန်ကြာမြင့်စွာမစောင့်ရပေမယ့် အနည်းဆုံး (၁)နာရီခွဲ ဝန်းကျင်တော့ စောင့်နေရဆဲ ဖြစ်တယ်လို့ ယာဉ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“အခု ရန်ကုန်ဘက်ကလာတဲ့ အခြမ်းကတော့ သူတို့ မစစ်တော့ဘူး။ ဒီဘက်က သွားတဲ့အခြမ်းကတော့ ပုံမှန်ဘဲ။ ခါတိုင်းလို စစ်တော့စစ်တယ်။ အိမ်စီးကားလေးတွေကတော့ မစစ်တော့ဘူး။ အိမ်စီးကားလေးတွေကတော့ ချောင်ရင်တော့ သူတို့လည်း ကျော်တက်ပြီးတော့ သွားကြတာပဲ။ ဒါပေမယ့် ကျွန်တော်တို့ ကုန်ကားတွေ ၊Expressကားတွေကတော့ အကုန်စစ်တယ် ပုံမှန်အတိုင်းပဲ။ ဒါပေမယ့် အရင်ကလောက် မကြာတော့ဘူး။ မကြာတော့ဘူးဆိုတော့ ကျွန်တော်တို့ ဆီကနေ ထွက်တဲ့အချိန်က အနည်းဆုံး (၁)နာရီ၊ (၁)နာရီခွဲ ပတ်ဝန်းကျင်လောက်တော့ စောင့်ရတယ်။ ကျန်တဲ့ဟာတော့ နည်းနည်းဖြေလျော့လိုက်ပါပြီ” လို့ ဆိုပါတယ်။

ဒါ့အပြင် အရင်က X-Ray စက်မှာ စစ်ဆေးချိန်ကြာမြင့်တာကြောင့် ကားအစီးရေရာနဲ့ချီ ပိတ်ဆို့ပြီး တန်းစီစောင့်ဆိုင်းနေရတာတွေ ရှိခဲ့ရာမှ လက်ရှိမှာတော့ စောင့်ဆိုင်ရတဲ့ ကားအစီးရေတွေ လျော့နည်းလာသလို လမ်းပိတ်ဆို့မှုတွေလည်း နည်းလာတယ်လို့ သိရပါတယ်။

ကုန်တင်ယာဉ်တွေဟာဆိုရင် အရင်က X-Rayစက်ကို ဖြတ်သန်းဖို့အတွက် တစ်နေကုန်စောင့်ဆိုင်းနေရာမှ လက်ရှိမှာ (၅)နာရီဝန်းကျင်လောက်သာ စောင့်ဆိုင်းနေရတော့သလို ကားကြီးတွေလောက်ပဲ တန်းစီရတာကြောင့် အရင်ထက်စာရင် ခရီးစဉ်ပိုမြန်လာတယ်လို့ ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

“အရင်ကတော့ တစ်နေကုန် စောင့်ရတာပေါ့။ တစ်နေကုန်စောင့် ညမှာကျော်။ အခုဟာကျတော့ နည်းနည်းပဲ၊ (၄)နာရီ (၅)နာရီ ပတ်ဝန်းကျင်ပဲ။ တော်တော်လေး သက်သာသွားတာပေါ့။ လွန်ခဲ့တဲ့ (၅)ရက်၊ (၆)ရက်လောက်တုန်းက တော်တော်အခြေအနေဆိုးသွားတာပေါ့။ ဟိုဘက်လည်းပိတ်၊ ဒီဘက်လည်း ပိတ်ဆိုတော့ ဘယ်လိုမှ မောင်းမရတော့ဘူး။ ရပ်ထားရတာ။ အခုဟာက ကားကြီးတွေလောက်ပဲ နည်းနည်းတန်းစီရတော့တယ်။ အိမ်စီးကားတွေ ဘာတွေ သိပ်မတန်းရတော့ဘူး၊ ဖြေလျော့ပေးလိုက်တော့ နည်းနည်းတော့ အရင်ကထက်စာရင်တော့ မြန်သွားတာပေါ့နော်”လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ X-Rayစက်မှာ အရင်ကခရီးသွားကားတွေဟာဆိုရင် နေ့စဉ်တိုင်းလိုလို ရာနဲ့ချီပိတ်ဆို့မှုတွေ ဖြစ်ပေါ် နေတာကြောင့် ခရီးစဉ်တွေကြန့်ကြာမှုရှိခဲ့သလို ကျော်တက်ပါကလည်း ဒဏ်ကြေးငွေ ဆိုပြီး ငွေကျပ် (၅)သောင်း တောင်းခံတာတွေ ရှိခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီရဲ့ X-Rayစက်ကြောင့် ခရီးစဉ်တွေ ကြန့်ကြာမှုရှိတဲ့အတွက် ခရီးသည်တင် မော် တော်ယာဉ် စီးနင်းသူနည်းပါးတာကြောင့် ယာဉ်လိုင်းတချို့ အကြိမ်ရေ ထက်ဝက်လျော့ချပြီး ပြေးဆွဲရတာတွေလည်း ရှိခဲ့တာပါ။

အဲ့ဒီအပြင် စစ်ကောင်စီရဲ့ X-Ray စက်ကြောင့် ခရီးသွားပြည်သူတွေဟာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်း နေရတဲ့အပြင် စစ်ဆေးပြီးလို့ ညဘက် ရောက်သွားပါကလည်း ညမထွက်ရအမိန့်တွေကြောင့် နီးစပ်ရာ နေရာတွေနဲ့ လမ်းတွေပေါ်မှာ ညအိပ်ရပ်နားရတာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်နဲ့ တပ်ဆင်ထားတဲ့ X-Rayစက်နေရာဟာဆိုရင် မွန်၊ ကရင်နဲ့ တနင်္သာရီဒေသတွင်းက ခရီးသည်တွေနဲ့ ကုန်စည်ပို့ဆောင်ရာမှာ အဓိကအသုံးပြုတဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိနေတာကြောင့် အချိန်ကြန့်ကြာမှုတွေရှိတဲ့အတွက် အရင်လို ခရီးသွားလာမှုတွေ မရှိတော့သလို ကုန်စည်စီးဆင်းမှုတွေလည်း လျော့နည်းလာတယ်လို့ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.