ရန်ကုန်၊ ဒီဇင်ဘာ(၈)
အာဏာသိမ်းစစ်ကောင်စီက လာမယ့်နှစ်မှာနိုင်ငံတဝန်း ရွေးကောက်ပွဲကျင်းပဖို့အတွက် တော်လှန်ရေး အင်အားစုတွေအပေါ် စစ်ရေးအရှိန်မြင့်တင်လာတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ လာမယ့်နှစ်မှာ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ အကြားအလပ်မရှိ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ မျှော်မှန်းထားတဲ့အတွက် အကြမ်းဖက်နှိမ်နင်းရေး ခေါင်းစဉ်အောက်ကနေ စစ်ရေး အရှိန်မြင့်တင်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက လာမယ့်ရွေးကောက်ပွဲအတွက် လုံခြုံရေးနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။
အရင်ရွေးကောက်ပွဲတွေမှာ ကျင်းပခဲ့တဲ့ မြို့နယ်အရေအတွက်တွေရဲ့ စံချိန်ထက်မကျနိုင်ဖို့ စီမံဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် အကြမ်းဖက်နှိပ်နင်းရေးကို အမြဲဂရုစိုက် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။
နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ကယားပြည်နယ်ထဲက ဒီနောက်ပိုင်း စစ်ကောင်စီ စစ်ဆင်ရေးတွေမှာ အတွဲလိုက်ဒုံးတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကိုပါ ပိုမို လုပ်ဆောင်လာတယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“အဓိကတော့ အဝေးပစ်လက်နက်ကြီးတွေနဲ့ သူတို့ လာရှင်းတယ်။ အတွဲလိုက်ဒုံးတွေနဲ့ လာချိန်ပြီးရင် ခြေလျင်တွေနဲ့ ဆက်တက်လာတယ်။ စစ်ကြောင်းတစ်ကြောင်းကို အင်အား ၁၅၀ ဝန်းကျင်လောက်တော့ ရှိမယ်။ သူတို့က ညမိုးချုပ် မနက် ၂နာရီ ၃ နာရီပိုင်းလောက်ကို လမ်းကြောင်းရှင်းတယ်၊ခြေလျင်နဲ့ တိုးလာတယ်။ နေ့လည်ကျတော့ သူတို့ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ပြီးတော့ တိုက်ပွဲဖြစ်လို့ သူတို့ အထိအခိုက်များလာရင် ဆုံးရှုံးမှုများလာရင် သူတို့က ဝေဟင်ကနေ လေယာဉ်နဲ့ လာပစ်တယ်” လို့ သူက ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင် ခုခံတွန်းလှန်မှု အားပြင်းတဲ့ အညာဒေသ မကွေး တိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာလည်း စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန်လာနေသလို ဒေသခံတွေရဲ့ နေအိမ်အဆောက်အအုံ မီးရှိုဖျက်ဆီးခံရမှုမှာလည်း အများဆုံးခံရတဲ့ဒေသဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလဆန်းပိုင်းအတွင်း စစ်ကိုင်းတိုင်းရှိ မြို့နယ် ၅ ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေ့စဉ်ရက်ဆက် အင်တိုက်အားတိုက် စစ်ရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူတို့ (စကစတပ်) ဒီ ၂၀၂၂ နိုဝင်ဘာ၊ဒီဇင်ဘာနှစ်ကုန်ပိုင်းမှာ စစ်ကိုင်းတိုင်းအညာတစ်ခွင်မှာဆိုရင် ရွှေဘို၊ရေဦး၊ခင်ဦး၊ဒီပဲယင်းနဲ့တန့်ဆည်မြို့နယ်နားတစ်ဝိုက်မှာ ရေဦးကနေ အထိုင်ချပြီးတော့ ပတ်ပတ် လည်ကို စစ်ကြောင်းကြီးငယ်တွေနဲ့ နေ့စဉ်ဆက်တိုက် မီးရှို့မှုတွေ၊သတ်ဖြတ်မှုတွေ၊ လက်နက်ကြီးတွေနဲ့ ထုတာတွေ နေ့စဉ်ဆက်တိုက် အင်တိုက်၊အားတိုက် လုပ်နေကြတာ” လို့ သူက ဆိုပါတယ်။
တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိပ်တွေ့တိုက်ပွဲမရှိဘဲ စခန်းချရာနေရာကနေ ကျေးရွာတွေကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊အရပ်သားတွေကို ဖမ်းဆီးတာ၊ နေအိမ်တွေကို ဝင်ရောက် မွှေနှောက်ဖျက်ဆီးပြီး မီးရှို့တာတွေ ဆက်တိုက်ကျုးလွန်နေတာ ဖြစ်ပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကလည်း စစ်ကောင်စီဘက်က အရှိန်မြင့်တင်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ကျေးရွာနေလူထုတွေ မထိခိုက်အောင် ရှောင်ဖယ်တာတွေ လုပ်ပြီး လူထုမထိခိုက်အောင် တိုက်ခိုက်နေကြတာလို့ ဆိုပါတယ်။
“သူတို့ စစ်ကြောင်းထိုးလာရင်တော့ ဒေသလူထုတွေ မထိခိုက်အောင်တော့ ကာကွယ်ရေးအဖွဲ့တွေက ရှောင်တာ၊ဖယ်တာ လုပ်ပေးရတာပေါ့။ လုပ်ပေးပြီးရင် မထိခိုက်အောင် တိုက်ခိုက်နေကြတာပဲ။ နောက်တစ်ခါ ဒီရွေးကောက်ပွဲလုပ်မယ့်ဟာက မလုပ်နိုင်ပါဘူး။ ကျွန်တော်တို့ ဒီတစ်နယ်လုံးက ပြည်သူတွေက ကိုယ့်ဘက်ပါတာပဲ။ သူတို့ သတင်းစာရှင်းလင်းပွဲကတော့ နိုင်ငံတကာချပြတာ ကောင်းအောင်ပြောမှာပဲ။ ဒါပေမယ့် လောလောဆယ်တော့ လုပ်ဖို့ရာ ကျွန်တော်တို့နယ်ကတော့ ၁၀၀ ရှိရင် ၉၅ ရာခိုင်နှုန်းက သူတို့ လွှတ်လို့ မရဘူး”လို့ သူက ပြောပါတယ်။
နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာထားတဲ့ စစ်ကောင်စီရဲ့ သက်တမ်းဟာ လာမယ့်နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် နောက်ခြောက်လအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့ တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက်နှိမ်နင်းရေးခေါင်းစဉ်အောက်ကနေ ရှင်းလင်းဖို့ စစ်ကောင်စီ ကြိုးပမ်းနေတာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့မှာလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားမှာ နိုင်ငံအနှံ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ အညာဒေသ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ နယ်မြေစိုးမိုးမှု အရေးနိမ့်နေပြီး မြို့ပေါ် တစ်ချို့လောက်သာ ထိန်းချုပ်ထားနိုင်တဲ့အတွက် လာမယ့်နှစ် အထွေထွေရွေးကောက် ပွဲဟာလည်း စိတ်ကူးယဉ်ဆန်ဆန်ပဲ ဖြစ်မယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။
အခုအခါမှာတော့ စစ်ကောင်စီတပ်ဟာ NCA ထိုးထားတဲ့ EAOs အဖွဲ့တစ်ချိုနဲ့ မထိုးရသေးတဲ့ တိုင်းရင်း သားလက်နက်ကိုင် EAOs အဖွဲအစည်းတွေအပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နဲ့ လက်ရှိအချိန်ထိ နိုင်ငံတဝန်းတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။စစ်တပ်အာဏာသိမ်းတဲ့ ၂၂ လအတွင်း နိုင်ငံတဝန်း လက်နက်ကိုင်တိုက်ပွဲပေါင်း ၇၈၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ ISP – Myanmar က ထုတ်ပြန်ထားပါတယ်။
သတင်း- သံလွင်တိုင်းမ်