ချင်းမိုင်၊ ဒီဇင်ဘာ(၇)

မတရားပြစ်ဒဏ်တွေနဲ့ စွပ်စွဲခံရပြီး သေဒဏ်ချမှတ်ခံရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား (၇)ဦးအတွက် သေဒဏ်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ခုကို နိုင်ငံတကာကျောင်းသားတွေစုပေါင်းပြီး ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်မှာ ဒီနေ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုမှာ စစ်ကောင်စီက ကျောင်းသူ၊ကျောင်းသားတွေကို သေဒဏ်ပေးသတ်ဖြတ်ဖို့ ကြိုးစားနေမှုအပေါ် ဆန့်ကျင်ကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ #StopExecutingOurStudent လို့ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး မဟီဒေါတက္ကသိုလ်မှာ တက်ရောက်နေတဲ့ မြန်မာကျောင်းသားတွေအပါအဝင် နိုင်ငံတကာ ကျောင်းသားတွေက တက္ကသိုလ်ပရဝုဏ်အတွင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့တာပါ။

မဟီဒေါတက္ကသိုလ်က ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကျောင်းသားတွေက စစ်တပ်ရဲ့အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့၊ စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်ကာ ကျောင်းသားတွေကို သေဒဏ်ပေးမှု၊ ပြည်သူတွေကို မတရားသတ်ဖြတ်နေမှုတွေကို လက်မခံနိုင်ကြောင်းပြသဖို့ နိုင်ငံတကာမှ ကျောင်းသားတွေကိုတိုက်တွန်းခဲ့ပြီး စစ်ကောင်စီကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပိုမိုပါဝင်လာဖို့ တိုက်တွန်းမှုတွေလုပ်ခဲ့ကြတာပါ။

ဒါ့အပြင် ကျောင်းသား(၇) ဦး သေဒဏ်ပေးခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ချင်းမိုင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအဖွဲ့အစည်းကလည်း ထိုင်းအစိုးရနဲ့ အာဆီယံအဖွဲ့ထံ အဓိကအချက်(၆)ချက်ပါ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစာထဲမှာ သေဒဏ်ပေးနေတာဟာ အခြေခံလူအခွင့်အရေးနဲ့ မလျော်ညီတာကြောင့် နိုင်ငံတကာက စုပေါင်း ဖိအားပေးဖို့ ၊နိုင်/ကျဉ်းတွေ ပြန်လွှတ်ပေးဖို့၊ တရားစီရင်ရေးမှာ ပွင့်လင်းမြင်သာရှိစေဖို့၊ စစ်ကောင်စီကို စီးပွား ရေးနဲ့ အခြားထောက်ပံ့မှုတွေရပ်ဆိုင်းဖို့၊ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကနေတစ်ဆင့် ကူညီတာမလုပ်ဘဲ ပြည်သူတွေကို တိုက် ရိုက်ကူညီဖို့၊ စစ်တပ်ပိုင်စီးပွားရေးယန္တရားတွေကို ဖိအားပေးဖို့နဲ့ ထိုင်းအစိုးရအနေနဲ့ နိုင်ငံခြားရေးမူဝါဒကိုပြန်သုံးသပ်ဖို့စတဲ့ အချက်တွေကို ထည့်သွင်းတောင်းဆိုထားခဲ့တယ်လို့လည်း သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.