ကော့ကရိတ်၊ ဒီဇင်ဘာ(၈)ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလားယာခရိုင် တပ်မဟာ (၆)၊ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတွေအပေါ် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်တာကြောင့် ဒေသခံနေအိမ် ၁၄ လုံးထက်မနည်း ထိခိုက်ပျက်စီးပြီး ဒေသခံ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က ဘောဒိုင်းကျေးရွာထဲကို ကော့ကရိတ်အခြေစိုက်အမြှောက်တပ်ရင်းကနေ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးပြီး အသက် ၂၆ နှစ်အရွယ် မောင်အေးဇော်မှာ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂ ရက်နေ့ကလည်း ကော့ကရိတ်အခြေစိုက် အမြှောက်တပ်ကုန်းကနေ လက်နက်ကြီး ထပ်မံပစ်ခတ်ခဲ့အတွက် ဘော်ဒိုင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီးနောက် လူနေအိမ် (၈) လုံး၊ နွား (၄)ကောင်၊ စပါးခြွေလှေ့စက်နဲ့ ကားတစ်စီး ထိခိုက်ပျက်စီးခဲ့တာပါ။

အဲဒီနေ့မှာပဲ ကော့ကရိတ်ရေကျော်ကြီးအောက် တပ်သစ်စခန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ဖားကျကျေးရွာအတွင်း ထပ်မံကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံနေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ တောင်ကြာအင်းကျေးရွာအုပ်စု၊ ကျွန်းတော်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် နွားမ (၁) ကောင် ပွဲချင်းပြီးသေဆုံးပြီး နွားထီး (၂) ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် (၂) လုံး ပျက်ဆီးခဲ့တာပါ။

လက်ရှိမှာတော့ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းနဲ့လောင်းကိုင်ကျေးရွာအုပ်စုက ဒေသခံတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် နီးစပ်ရာဆွေမျိုးနေအိမ်တွေနဲ့ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.