မော်လမြိုင်၊ ဒီဇင်ဘာ(၇)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီး စစ်ကောင်စီအသစ်တည်ဆောက်မယ့် နိုင်ငံတကာ အဆင့်မီလေဆိပ်နဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းစီမံကိန်းမြေနေရာအနီးမှာ စစ်ကောင်စီနဲ့နီးစပ်သူတချို့ဟာ မြေယာ လက်ဦးမှုရယူပြီး အကွက်ရိုက်ရောင်းချတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီကလုပ်ဆောင်မယ့် နိုင်ငံတကာအဆင့်မီလေဆိပ်ဟာ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာအနီးမှာ တည်ဆောက်ဖို့ လျာထားသလို အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းကိုတော့ ပင်လယ်ထွက်ပေါက်နဲ့ နီးတဲ့ ဘ လောက်ညောင်းဝိုင်းနဲ့ ဝဲကလိ ကျေးရွာကြားမှာ တည်ဆောက်ဖို့ မြေနေရာသတ်မှတ်ထားတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပါအဝင် နီးစပ်သူတချို့ဟာ စီမံကိန်းအနီးရှိ လယ်ယာမြေတွေကိုဝယ်ယူပြီး အကွက်ရိုက်ရောင်းချတာတွေ ပြုလုပ်နေသလို ကျေးရွာနေဒေသခံတွေရဲ့ လယ်ယာမြေတွေကိုလည်း ဈေးကောင်းပေးဝယ်ယူနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ ဘက်မှာဆို အခုတစ်လယ်နေရာဆို ခြံကွက်က တပ်ရင်းမှူးပါ ပါတယ်။ အဲဒီ ခြံကွက်ရိုက်ဖို့ လာတဲ့ထဲမှာဆိုရင် အဲဒီလူလည်း ပါတယ်။ သူတို့က လယ်သမားတွေကို ဥပမာ တစ်ဧက ဆိုရင် ဟိုတုန်းက ဆိုရင် (၄၀)၊ (၅၀) လောက်ပဲရှိတဲ့ လယ်မြေတွေကို သူတို့က (၁၀၀)ကျော်လောက်တက်ပေး လိုက်တယ်။ အဲဒီလိုမျိုးပေးပြီးတော့ သူတို့က ဒီလိုမျိုး ကျွန်တော်တို့ ၄၀ – ၆၀တို့ ၃၀- ၇၀တို့ အဆင်ပြေသလို အကွက်တွေရိုက်တယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ နီးစပ်သူတွေ အကွက်ရိုက်ပြီးရောင်းချနေတဲ့ လယ်ယာမြေတွေဟာ တခြားနည်းသုံးစွဲခွင့်ရရှိထားခြင်း ရှိ၊ မရှိကို ဒေသခံတွေ မသိရတာကြောင့် တချို့ဒေသခံတွေအနေနဲ့ နားမလည်ဘဲ အိမ် ဆောက်လုပ်လို့ရတယ်ဆိုပြီး ဝယ်ယူတာတွေ ရှိတဲ့အတွက် နစ်နာမှုတွေရှိလာနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီနဲ့ နီးစပ်သူတွေဟာ ရွာနဲ့နီးစပ်တဲ့ လယ်ယာမြေတွေကို တစ်ဧကကျပ်သိန်း(၂၅၀) ထိပေးကာ ဝယ်ယူပြီး (၄)ပိုင်းပိုင်းကာ အကွက်ရိုက်ပြန်လည်ရောင်းချတာတွေ ပြုလုပ်နေတယ်လို့ ဒေသ ခံတစ်ဦးက ပြောပါတယ်။
“ရွာနဲ့နီးကပ်တဲ့ လယ်သမားတွေကို တစ်ဧကကို သိန်း(၂၅၀) ပေးတယ်။ ကုမ္ပဏီက လာဝယ်တယ်လို့ ပြောတယ်။ အုပ်ချုပ်ရေးမှူးသူတို့ ပြောပြတာပေါ့။ ကွက်သစ်ပေးတာပေါ့။ အဓိက က အဒေါ်တို့ အောက်အကွက်ကတော့ သူဌေးတွေ လာဝယ်သွားတယ်။ ဒီအုပ်ကြီးပြောတာက သူဌေးတွေ ဝယ်ပြီး နေရာ ပြန်ချတယ်။ တစ်ဧကကို သိန်း (၂၅၀)ပေးတယ်၊ ပေးပြီးလို့ရှိရင် တစ်ဧကကို (၄)ပိုင်း (၄)ကွက် ပြန်ဖော်ပြီးတော့ တစ်ကွက်ကို သိန်း(၈၀)နဲ့ ပြန်ရောင်းတယ်။ ဝယ်တဲ့သူလည်း ဝယ်ကြတာပေါ့။ လောလောဆယ် လမ်းမ၊ မုဒုံ၊ ကော့ပရံ ဟိုဘက်က မီးသတ်ရုံးဘေးကဟာကတော့ ရောင်းထွက်သွားပြီ။ သင်္ချိုင်းကို ပြန်အကွက်ချထားတဲ့နေရာလေ”လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ နီးစပ်သူတွေဟာ မြေယာလက်ဦးမှုရယူဖို့အတွက် ကျေးရွာတွေအတွင်းရှိ လယ်ယာမြေတွေကို ဈေးကောင်းပေးကာ လိုက်လံဝယ်ယူနေတာကြောင့် တချို့တောင်သူတွေအနေနဲ့ ရောင်းချတာတွေရှိသလို တချို့ တောင်သူတွေကတော့ အခြေအနေစောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီကတော့ မော်လမြိုင်မြို့အနီးမှာ အသစ်တည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီ လေဆိပ်စီမံကိန်းအတွက် မြေဧကပေါင်း (၄၃၀၀)ကျော် လျာထားသလို အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းစီမံကိန်းအတွက် လိုအပ်တဲ့မြေဧက (၃၆၀)ကျော် လျာထားပြီး မြေယာလျော်ကြေးအဖြစ် ငွေကျပ် (၂၇)ဘီလီယံကျော် ပေးချေသွားဖို့ စီစဉ်ထားတယ်လို့ ပြောဆိုထားတာပါ။
စစ်ကောင်စီက အသစ်တည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီလေဆိပ်နဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း စီမံကိန်းအတွက် စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်တဲ့ စီမံကိန်း အကောင် အထည်ဖော်ရေး ကြီးကြပ်မှုဗဟိုကော်မတီကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ(၁၀)ရက်နေ့က ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီက လုပ်ဆောင်မယ့် အဲဒီစီမံကိန်း (၂)ခုလုံးဟာ ကော်မတီဖွဲ့စည်းပြီး (၁)နှစ်နီးပါးကြာတဲ့အထိ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။
မွန်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီကတော့ စစ်ကောင်စီရဲ့ စီမံကိန်းဟာ လူတစ်စုကောင်း စားရေး အာဏာရှင်စီမံကိန်းမျှသာဖြစ်ကြောင်းနဲ့ တရားဝင်အစိုးရ မဟုတ်တာကြောင့် သူတို့ရဲ့ မြေယာသိမ်းဆည်းတာ၊ ရောင်းချတာနဲ့ လက်ပြောင်းလက်လွှဲပြုတာတွေ တရားမဝင်ဘူးလို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့မှာ ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်