မော်လမြိုင် – နိုဝင်ဘာ(၃၀)
စစ်ပွဲတွေမှာ သမားရိုးကျ လက်နက်တွေနဲ့သာမက အဆိပ်သင့်စေတဲ့ ဓာတုပစ္စည်းတွေကို စစ်လက်နက်တွေမှာ တပ်ဆင်ပစ်ခတ် တာကြောင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေအပြင် အရပ်သား တွေပါသေကျေ ဒဏ်ရာရလေ့ရှိတဲ့အတွက် ဓာတုလက်နက်တွေရဲ့ အန္တရာယ် ကာကွယ်ဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
ဓာတုလက်နက်တွေက အဆိပ်တွေဟာ ဓာတ်ငွေ့၊အရည်နဲ့ အမှုန့် ပုံစံမျိုးစုံဖြစ်ပြီး အဲ့ဒီ ပစ္စည်းတွေကို သာမာန်အဝတ်အစားတွေ လုံခြုံစွာဝတ်ဆင်ရင်လည်း ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့ ဆိုထားတာပါ။
အဆိပ်ဓာတ်တွေ ထိတွေ့၊ရှုရှိုက်၊မျိုချမိရင် အရေပြား၊မျက်လုံး၊အသက်ရှုလမ်းကြောင်းနဲ့ ပါးစပ်တို့က တစ်ဆင့် ခန္ဓာကိုယ်အတွင်းဝင်ရောက်ပြီး အဆိပ်သင့်စေကာ ကျန်းမာရေးထိခိုက် ပြီး အသက်ဆုံးရှုံးတဲ့အထိဖြစ်စေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဓာတုအဆိပ်သင့်ရင် အရေပြား၊အသက်ရှုလမ်းကြောင်း၊အဆုတ်၊နှလုံး၊ဦးနှောက်နဲ့ အာရုံကြော၊အစာအိမ်အူလမ်းကြောင်းနဲ့ ကြွက်သားအဖွဲ့အစည်းတွေကို ထိခိုက်ပျက်စီးစေတယ် လို့ MOD ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထိခိုက်ဒဏ်ရာမရှိပေမယ့် အဆိပ်သင့်လက္ခဏာရှိသူများ၊ ရရှိထားတဲ့ ဒဏ်ရာနဲ့ မသက်ဆိုင်တဲ့ ဝေဒနာခံစားနေရသူများ၊ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ လူအများအပြားရုတ်တရက် သေဆုံးမှု များ၊ ပုံမှန်မဟုတ်တဲ့ အနံ့၊အရည်နဲ့ အငွေ့တို့ကို တွေ့ရှိရပြီးအဆိပ်သင့်လက္ခဏာတွေ ပြသလာရင် ဓာတုအဆိပ်သင့်မှုအဖြစ် ယူဆနိုင်တယ်လို့ အသိပေးထားပါတယ်။
ပြည်သူတွေအနေနဲ့ ဓာတုလက်နက် ကျရောက်ထားတဲ့ နေရာအနီးတဝိုက်ကို အကာအကွယ် ဝတ်စုံ မပါဘဲ သွားရောက်တာ လက်ဗလာနဲ့ ပစ္စည်းတွေကိုင်တွယ်တာနဲ့ လူနာကြည့်တာတွေ ကိုမပြုလုပ်ရဘူးလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
နိုင်ငံတကာမှာတော့ ဓာတုလက်နက်တွေ အသုံးမပြုဖို့ ကန့်သတ်ထားပြီး သုံးစွဲသူတွေကို လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုအဖြစ်သတ်မှတ်ကာ စစ်ရေးအရ အရေးယူတာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်