ရန်ကုန်၊ နိုဝင်ဘာ (၂၉)

စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ ဝင်ငွေရလမ်းကြောင်းတွေကို ထောက်ပံ့ပေးနေတဲ့ PDF ဂိမ်းစ် ဆော့ကစားသူတွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။

PDF ဂိမ်းတွေဖြစ်တဲ့ PDF Hero ၊ PDF Hero-2၊ End Game- Union Multiplayer War of Heroes နဲ့ The PDF game တွေဟာ အကြမ်းဖက်မှုကို အားပေးတဲ့ဂိမ်းတွေဖြစ်တာကြောင့် ဖန်တီးထုတ်လုပ်တာ၊ ကြော်ငြာထည့်သွင်းတာ၊ အသုံးပြုတာ ဘယ်လိုနည်းမဆို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

တော်လှန်ရေးမှာ PDF ဂိမ်းကစားပြီး ထောက်ပို့နေသူ လူငယ်တစ်ဦးကတော့ စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ PDF ဂိမ်းဆော့ကစားသူတွေကို အကြောက်တရားထည့်ပြီး ဝင်ငွေရလမ်းကြောင်းတွေကို ပိတ်လိုက်ဖို့ ကြိုးပမ်းတာ ဖြစ်ကြောင်းနဲ့ PDF ဂိမ်းဆော့ကစားမှုတွေကို ရပ်နားသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“သူတို့ဘက်ကနေ ဒီလိုမျိုးလုပ်တာ ဂိမ်းဆော့နေတဲ့သူတွေရဲ့ စိတ်ထဲကို ဒီဂိမ်းဆော့ရင် အရေးယူခံရမယ်ဆိုတဲ့ အကြောက်တရားထည့်လိုက်တာရော။ ပြီးလို့ရှိရင် တစ်ဖက်ကနေ တော်လှန်ရေးအတွက် ဝင်ငွေရှာနေတဲ့ လမ်းကြောင်းတွေ ပိတ်လိုက်တာပေါ့။နှစ်ခုလုံး သူတို့လုပ်လိုက်တာလို့ ထင်တာပဲ။ဒါပေမယ့် ဆော့တဲ့သူတွေကလည်း ရပ်သွားမှာ မဟုတ်တာ။လူငယ်တွေထဲမှာ သူတို့ကို အဲဒီလောက်ကြီး ကြောက်နေတဲ့သူတွေ မရှိဘူး။ ညီမကတော့ သူတို့ဒီလိုမျိုး လုပ်လိုက်လို့လည်း ဆော့တာတွေ တခြားဝင်ငွေလမ်းကြောင်းတွေကို လှူတာ၊ ကလစ်တာ ရပ်သွားမှာ မဟုတ်ဘူး”လို့ သူက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အာားစုတွေကို အထောက်အပံ့ဖြစ်စေဖို့ ဂိမ်း Applications တွေ၊ ဝက်ဆိုဒ်တွေ၊ YouTube စတဲ့ ပလက်ဖောင်းတွေကို အသုံးပြုပြီး ဝင်ငွေရလမ်းကြောင်းတွေကို ဖော်ဆောင်ခဲ့ကြတာပါ။PDF Game ကို အသုံးပြုပြီး တော်လှန်ရေးမှာ ထောက်ပံ့ပေးနေသူ လူငယ်တစ်ဦးကလည်း စစ်ကောင်စီက ဘယ်လိုဥပဒေတွေထုတ်ထုတ် တော်လှန်ရေးအတွက် လုပ်စရာရှိတာတွေ ပုံမှန်လုပ်နေဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

“ဒါကတော့ ကျွန်တော်တို့ တွေးထားပြီးသားအတိုင်းပဲ။ဘာလို့ဆို သူတို့ကတော့ (စကစ) ဒီလိုမျိုးပဲ လုပ်သွားမှာပဲပေါ့။ ဒါကို အကြမ်းဖက်မှုဥပဒေ၊ တခြားဥပဒေတွေ မျိုးစုံတပ်ပြီး ကြိုးစားမှာပဲ။ ကျွန်တော်တို့ကတော့ တော်လှန်ရေးမှာ လုပ်စရာရှိတာကို လုပ်ငန်းစဉ်တွေ၊ ထောက်ပို့တွေစသဖြင့် အဲဒါတွေကို ပုံမှန်လုပ်နေဖို့ပဲ လိုအပ်ပါတယ်။ အာဏာသိမ်းလိုက်ကတည်းကစပြီး ဥပဒေထုတ်ထုတ်၊ မထုတ်ထုတ် သေနတ်နဲ့ ပစ်သတ်တာ၊ ဖမ်းတာက ရှိနေကြတာပဲ။ အခုမှတော့ ကျွန်တော်တို့အတွက် ဘာမှထူးဆန်းတာ မရှိဘူး။ သူတို့အကြံကို သိပြီးသား။ အဓိက ကျွန်တော်တို့ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နေဖို့ပါပဲ”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီကတော့ အကြမ်းဖက်အဖွဲ့တွေကို တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့တာ၊ လူငယ်လူရွယ်တွေရဲ့ မသိစိတ်တွေအတွင်း တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေဖို့ တော်လှန်လိုတဲ့စိတ်တွေ တိုးပွားစေတဲ့ ရည်ရွယ်ချက်နဲ့ NUG၊CRPH လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ PDF Game ဆော့ကစားမှုဟာ ဥပဒေအရ အရေးယူခံရနိုင်တယ်လို့ ဝါဒဖြန့်ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကနေ အခုရက်ပိုင်းအတွင်း သတိပေးလာတာပါ။

ဒါ့အပြင် လုံခြုံရေးအရ စစ်ဆေးခံရချိန်မှာ လက်ကိုင်ဖုန်းအတွင်းPDF ဂိမ်းတွေရှိနေတာကို တွေ့ရှိရင် အရေးယူခံရမှာဖြစ်တဲ့အပြင် PDF ဂိမ်းစ်တွေမှာပါဝင်ပြီး အခကြေးငွေပေးကာ ကြော်ငြာထည့်သွင်းထားတဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း အရေးယူခံရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။တစ်ဖက်မှာတော့ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် သူတို့ကို ဆန့်ကျင်သူ ၁၆,၀၀၀ ကျော်ကို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချတာတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.