မင်္ဂလာပါရှင်။

သံလွင်တိုင်းမ်ရဲ့ အမှန်၊ အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊သတင်းမှားတွေကို အမှန်၊ အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “မွန်ပြည်နယ်မှာ အကြမ်းဖက်သူပုန်တွေ လာရောက်ခေါ်သွားတဲ့ အမျိုးသမီးလိင်လုပ်သားတချို့ သတင်းအစအန မရဘဲ ပျောက်ဆုံးနေ” ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ ဝဏ္ဏဘကောင်း၊ Kyaw Swars အစရှိတဲ့ တယ်လီဂရမ်ကနေ နိုဝင်ဘာလ (၂၅)ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တုတွေကို အောက်ပါလင့်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

https://t.me/kyawswar96999/26493https://bit.ly/3VhiQDo

ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ မွန်ပြည်နယ်အတွင်းက အမျိုးသမီး လိင်လုပ်သားတချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခြိမ်းခြောက်ပြီး ခေါ်ဆောင်နေတာသာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က လိင်ပိုင်းဆိုင်ရာ အသုံးချဖို့ ခြိမ်းခြောက် ခေါ်ဆောင်သွားတဲ့ အမျိုးသမီးလိင်လုပ်သားတချို့ဟာ သတင်းအစအနမရဘဲပျောက်ဆုံးနေတယ်လို့ အမျိုးသမီးအရေး ကူညီဆောင်ရွက်နေသူတွေကိုစုံစမ်းမေးမြန်းကာ သံလွင်တိုင်းမ်သတင်းဌာနက ရေးသားဖော်ထုတ်ထားပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ လိင်ဝန်ဆောင်မှုလုပ်ငန်းခွင်ထဲတွေအထိ ဝင်ရောက်ပြီး လက်နက်အားကိုးနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေလည်းရှိတယ်လို့ အမျိုးသမီး လိင်လုပ်သားတွေရဲ့ ဖြေကြားချက်ကိုလည်း သံလွင်တိုင်းမ်သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “မွန်ပြည်နယ်မှာ အကြမ်းဖက်သူပုန်တွေ လာရောက်ခေါ်သွားတဲ့ အမျိုးသမီးလိင်လုပ်သားတချို့ သတင်းအစအန မရဘဲ ပျောက်ဆုံးနေ” ဆိုတဲ့ သတင်းဟာ စစ်တပ်ထောက်ခံသူတွေ ဘက်ကဝါဒဖြန့် ရေးသားထားတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.