နေပြည်တော် – နိုဝင်ဘာ(၂၈)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ စွပ်စွဲထားတဲ့ အမှုတွေထဲက ကျန်ရှိနေတဲ့ အဂတိအမှု လေးမှုလုံးအတွက် ကိုယ်တိုင်တရားရုံးမှာ ထွက်မှုဟာ ဒီနေ့ နိုဝင်ဘာလ(၂၈) ရက်နေ့ရုံးချိန်း မှာပြီးစီးသွားပြီလို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ရုံးချိန်းမှာ ရာဇသတ်ကြီးအမှုအမှတ် ၄၇၊၄၈၊၄၉၊၅၀ အထိအမှု လေးမှုကို ထွက်ဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကနေ ရဟတ်ယာဉ် ဝယ်ယူ၊ငှားရမ်းသုံးစွဲ ပြုပြင် ထိန်းသိမ်းတာတွေနဲ့ ပတ်သက်တဲ့ အမှုတွေဖြစ်တယ်လို့ သိရပါတယ်။

တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်က ရဟတ်ယာဉ်ဝယ်ယူ၊ဌားရမ်း၊ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းတွေအတိုင်းသာ ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တာကြောင့် အပြစ်မရှိဘူး လို့တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အမှု (၁၉) မှုနဲ့ တရားစွဲထားပြီး အဲ့ဒီထဲက အမှု (၁၄) မှုအတွက် ထောင်ဒဏ်(၂၆) နှစ်ချမှတ်ခံထားရတယ် လို့သိရပါတယ်။

လာမယ့်နိုဝင်ဘာလ(၂၉) ရက်နေ့မှာ ဒီအမှုတွေနဲ့ ပတ်သက်ပြီး ရုံးချိန်းပြန်လည်ချိန်းဆိုထားတယ်လို့ သိရပါတယ်။

အသက်(၇၈) နှစ်အရွယ်ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးအကျဉ်းချထားတဲ့ နေပြည်တော် ထောင်ဟာ အင်းစိန်ထောင်ထပ် အခြေအနေဆိုးရွားတယ်လို့ မကြာခင်က ထောင်ထဲက ပြန်ထွက် လာတဲ့ ဩစတြေးလျ စီးပွားရေးပညာရှင် မစ္စတာ ရှောင်တာနယ်က ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.