တနင်္သာရီ၊ နိုဝင်ဘာ (၂၉)

ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရတဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်မောင်ကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(က)နဲ့ အမှု ၂ မှု ထပ်တိုး အမှုဖွင့်ထားတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဝန်ကြီးချုပ်ဦးမြင့်မောင်ကို စစ်ကောင်စီက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြဌာန်းချက်ကို ဖောက်ဖျက်တာ၊ ဘာသာရေးကို အကြောင်းပြပြီး ဆန္ဒမဲပေးဖို့ လှုံဆော်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က)နဲ့ အမှု ၂ မှု ထပ်တိုးဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

ဒီအမှု ၂ မှုကိုတော့ နိုဝင်ဘာနောက်ဆုံးအပတ်မှာ ထပ်တိုးဖွင့်လှစ်ခဲ့တာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလဆန်းကစပြီး ရုံးထုတ်စစ်ဆေးသွားဖို့ ရှိနေတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ဝန်ကြီးချုပ် ဦးမြင့်မောင်ဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ ပုဒ်မ ၁၃၀(က)အရ ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်ဖြစ်စေ ဒါမှမဟုတ် ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်ခံရနိုင်ပါတယ်။

ဝန်ကြီးချုပ် ဦးမြင့်မောင်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅၊ ရာဇသတ်ကြီးပုဒ်မ ၄၀၉ တို့နဲ့ တရားစွဲခံရပြီးနောက် ထောင်ဒဏ် ၁၁ နှစ် အမိန့်ချခံထားရတာပါ။

လက်ရှိမှာတော့ တနင်္သာတိုင်း ဝန်ကြီးချုပ်ဦးမြင့်မောင်ကို အာဏာသိမ်း စစ်ကောင်စီက ပြီးခဲ့တဲ့လပိုင်းတုန်းက ထောင်ဆူပူမှုဖြစ်အောင် စည်းရုံးလှုံဆော်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုက်ပိတ်ထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.