တနင်္သာရီ – နိုဝင်ဘာ(၂၈)

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေကြား (၃) ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၆) ဦး သေဆုံးခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၅) ရက်နေ့က (၂၇) ရက်နေ့ထိ လယ်သစ်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီနဲ့ပျူးစောထီးပူးပေါင်းစစ်ကြောင်းကို တနင်္သာရီပြောက်ကျားတပ်ဖွဲ့ရဲ့ ဦးဆောင်မှု နဲ့မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ မြိတ် ပ.က.ဖ ပူးပေါင်းအဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲမှာ စစ်ကောင်စီအသုံးအဆောင်ပစ္စည်းတွေ၊လက်နက်ကြီးကျည်တချို့နဲ့ စစ်တပ်သုံး အဝတ်အစားတွေကို သိမ်းဆည်းရမိထား ပြီး စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ မြိတ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

သုံးရက်အတွင်း စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲ (၅) ကြိမ်ဖြစ်ပွားခဲ့ ပြီး ဒေသခံပြည်သူ(၁၀၀၀)ကျော်ဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူက ပြောပါသေးတယ်။

ဒီနေ့ နိုဝင်ဘာလ(၂၈) ရက်နေ့အထိ စစ်ကောင်စီတပ်တွေဟာ လယ်သစ်ရွာထဲမှာသာ စခန်းချ ထားတဲ့အတွက် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.