မော်လမြိုင်၊ နိုဝင်ဘာ(၂၇)

အာဏာသိမ်း စစ်ကောင်စီက အသေးစား၊ အငယ်စားနဲ့ အလတ်စား (MSME) စီးပွားရေးလုပ်ငန်းတွေ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်နေမှုတွေဟာ မြေပြင်အခြေအနေနဲ့ ကွာဟနေတာကြောင့် အလုပ်မဖြစ်ဘူးလို့ စီးပွားရေးပညာရှင်နဲ့ လုပ်ငန်းရှင်တွေက ဝေဖန်လိုက်ပါတယ်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးဖို့အတွက် ရန်ပုံငွေ ကျပ်ဘီလီယံ ၄၀၀ ကို မတည်ထူထောင်ပေးထားပြီး မကြာမီကာလမှာ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေကိုလည်း ထပ်မံထူထောင်ပေးသွားမယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောဆိုလာတာပါ။

စစ်ခေါင်းဆောင်ကတော့ တိုင်းပြည်ဝင်ငွေရရှိဖို့ ကုန်ထုတ်လုပ်မှုကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေကို အားပေးဆောင်ရွက်ရမှာဖြစ်ပြီး ပြည်တွင်းလိုအပ်ချက်ဖြစ်တဲ့ အခြေခံ လူသုံးကုန်ပစ္စည်းတွေကို သွင်းကုန်အဖြစ်ကနေ ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင်ထုတ်လုပ်ပြီး ပြည်ပကို ပို့ကုန်အဖြစ် ရောက်ရှိတဲ့အထိ ကြိုးပမ်းဆောင်ရွက်ကြရမယ်လို့ ဆိုပါတယ်။စစ်ခေါင်းဆောင်က MSME လုပ်ငန်းတွေက ထွက်ရှိလာတဲ့ ကုန်ပစ္စည်းတွေကို ပြည်ပတင်ပို့နိုင်တဲ့အထိ ဆောင်ရွက်ဖို့ ပြောဆိုနေပေမယ့် မြေပြင်မှာတော့ လျှပ်စစ်မီးကိုပင် မှန်အောင်မပေးနိုင်သေးပါဘူး။

အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးကတော့ စစ်တပ် အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးမမှန်တာ၊ ကုန်ကြမ်းပစ္စည်းတွေ ဈေးနှုန်း အဆမတန် မြင့်တက်နေတဲ့အတွက် လုပ်ငန်းပုံမှန်လည်ပတ်ဖို့ အတော်လေး ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။

“မီးမလာလို့ရှိရင် လုပ်ငန်းကြန့်ကြာတာတွေ ရှိလာတယ်။ တစ်ဖက်မှာလည်း ကုန်ဈေးနှုန်းက တက်တယ်၊မီးကလည်း ပျက်တယ်ဆိုတော့ မီးစက်ဆီနဲ့ ကုန်ဈေးနှုန်းနဲ့ပေါင်းပြီး နှိပ်စက်တာ ရစရာကို မရှိပါဘူး။ မီးပျက်တာရယ်၊ ကုန်ပစ္စည်းဈေးတက်တာရယ် အမြတ်ကတော်တော်လေး နည်းသွားတယ်။ ဘယ်လောက်အထိလည်းဆိုရင် တချို့လတွေဆိုလို့ရှိရင် လုပ်ငန်းရပ်တည်ဖို့ အရင်ကြိုးပမ်းနေရတယ်။ အလုပ်သမားတွေကို လစာပေးနိုင်ဖို့ လုပ်ငန်းပုံမှန်လည်ပတ်ဖို့ တော်တော်လေး ရုန်းကန်နေရတာပေါ့” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှု ခပ်စိပ်စိပ်ဖြစ်နေပြီး လျှပ်စစ် ဓာတ်အားရရှိမှုဟာ ၂၄ နာရီမှာ ၅ နာရီဝန်းကျင်သာ ရရှိရာကနေ အခုအခါမှာတော့ တစ်နေ့ကို ၂ နာရီကနေ ၃ နာရီလောက်သာ ရရှိတော့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအကျိုးဆက် မြန်မာ့ငွေကြေးဖောင်းပွမှုကြောင့် စက်သုံးဆီအပါအဝင် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်တွေကြောင့် MSME လုပ်ငန်းတွေဟာ နာလန်မထူနိုင်တဲ့ အနေ အထားကို ရောက်ရှိနေပါတယ်။

မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးကတော့ နိုင်ငံရေးအကျပ်တည်းတွေကြားမှာ စီးပွားရေးအဆင်မပြေမှုတွေ ရှိနေကြတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေမှာ လိုအပ်ချက်တွေရှိနေတာကြောင့် နိုင်ငံတော်ကနေ ထောက်ပံ့မှုရရင် ကောင်းလာနိုင်မယ်လို့ ဆိုပါတယ်၊။

“အခက်အခဲက ရှိကြမှာပေါ့လေ။ ဘာပဲဖြစ်ဖြစ် လုပ်မှ၊ ကြိုးစားကြမှ ရင်းနှီးမြုပ်နှံမှုတွေ အစိုးရကပေးနိုင်ကြမယ်ဆိုရင်တော့ ဘယ်အစိုးရတက်တက်ပေါ့။ ရင်းနှီးမြှုပ်နှံမှုတွေက အောက်ခြေမှာတော့ သူများတိုင်း ပြည်လို မဖွံ့ဖြိုးဘူးဆိုတော့ လိုအပ်ချက်လေးတွေ ဘယ်အစိုးရတက်တက် ထောက်ပံ့ပေးရင်တော့ လုပ်ငန်းရှင်အသေးစားလေးတွေခင်မျာလည်း နည်းနည်းလေး အားရှိတာပေါ့။ ရနိုင်ရင်တော့ ကောင်းပါတယ်”လို့ သူက ဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နဲ့ လာမယ့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွေအတွင်း ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ အလျင်အမြန် ပြန်လည်တိုးတက်လာစေဖို့ စိုက်ပျိုးမွေးမြူရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အားပေးမြှင့်တင်သွားရမယ်လို့ ပြောဆိုလာပြန်တာပါ။

စီးပွားရေးပညာရှင်တစ်ဦးကတော့ MSME လုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုးလာဖို့ဆိုရင် ပေါ်လစီနဲ့ ကန့်သတ်တာမျိုး မလုပ်ဘဲ နိုင်ငံရေး တည်ငြိမ်အောင် အရင်ဆုံး ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ ထောက်ပြပါတယ်။

“တကယ် ဦးစားပေးလုပ်ရမှာ မြေပြင်တည်ငြိမ်မှုကို အရင်ဆုံးဦးစားပေးလုပ်ရမှာ။ ကျန်တဲ့ဟာတွေက ပေါ်လ စီက အနှောင့်အယှက်မပေးရင်ရပြီ။ ဘာမှ သိပ်လောက်လောက်လားလားကြီး ပံ့ပိုးပေးနေဖို့ မလိုဘူး။ဘာလို့ဆို ဈေးကွက်က သူ့ဟာသူ လုပ်သွားတယ်၊သူ့ဟာသူ ရှာသွားတယ်။အစိုးရက ပေါ်လစီနဲ့ ပံ့ပိုးပေးနိုင်တော့လည်း ပိုပြီးကောင်းတာပေါ့။ ဆိုတော့ ဒီပေါ်လစီပိုင်းက အရေးကြီးပါတယ်။ ဒါပေမယ့် သူ့ထက် အရေးကြီးတာက လက်ရှိအခြေအနေက ဦးစားပေးလုပ်ရမှာ တည်ငြိမ်မှုပဲ။ တည်ငြိမ်မှုမရှိရင် ဘယ်သူမှ စီးပွားရေးကို ဇောက်ချပြီး မလုပ်ရဲကြဘူး။ အဲဒီလို ဖြစ်နေတာ” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိကစက်မှုလုပ်ငန်း ဥပဒေအရ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတွေထဲက MSME လုပ်ငန်းသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ လုပ်ငန်းပေါင်း ၄၅,၀၀၀ ကျော်ရှိနေပြီး အခြားဝန်ကြီးဌာနတွေမှာ မှတ်ပုံတင်ထားတဲ့ လုပ်ငန်း ၂၅၀,၀၀၀ ကျော်လည်း ရှိနေပါတယ်။

ဒါပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက် MSME လုပ်ငန်းတွေဟာ ပုံမှန်လည်ပတ်နိုင်ဖို့နဲ့ ရေရှည်ရှင်သန်ရပ်တည်နိုင်ဖို့ ချေးငွေအပြင် အခြားသော လိုအပ်ချက်တွေကိုလည်း ပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ထောက်ပြကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.